အယုဒ္ဓယတွင် မြန်မာလုပ်သားများပါသောကား တိမ်းမှောက်မီးလောင်မှုကြောင့် လေးဦးသေဆုံး

0
443

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်ရှိ အာရှလမ်းမကြီးတွင် မြန်မာအလုပ်သမားများကို တင်ဆောင်လာသော ဗန်ကားတစ်စီး တိမ်းမှောက်ကာ မီးလောင်ပေါက်ကွဲသဖြင့် အနည်းဆုံးလေးဦးသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်သည်။

ဘန့်ပအင်းဒေသရှိ အာရှလမ်းမကြီးပေါ်တွင် ရဲစစ်ဆေးရေးဂိတ်ကိုတွေ့သဖြင့် အဆိုပါကားမှာ အရှိန်ဖြင့်မောင်းနှင် ထွက်ပြေးရာမှ ယနေ့ ဇွန်လ ၁ရက် နံနက် (မေလ ၃၁ရက် ညသန်းခေါင်ကျော် ၁၂နာရီခွဲခန့်) က ပက်လက်လန်တိမ်းမှောက်ပြီးနောက် မီးလောင်ပေါက်ကွဲကြောင်း ဖော်ပြသည်။

မီးလောင်ပေါက်ကွဲမှုကြောင့် ကားထဲတွင် လေးဦးသေဆုံးနေပြီး အမျိုးသားတစ်ဦး၊ အမျိုးသမီးနှစ်ဦးနှင့် ကျန်တစ်ဦးမှာ ကျား/မ မခွဲခြားနိုင်သေးကြောင်း သတင်းများတွင် ရေးသားထားသည်။

ကား၏ အပြင်ဘက်တွင် မြန်မာအလုပ်သမား ခြောက်ဦး (အမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး) ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ကြရပြီး သုံးဦးကို ဝမ်းနွိုင်းဆေးရုံ၊ ကျန်သုံးဦးကို ဘန့်ပအင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

ကားတိုက်သံကြားရသဖြင့် ထွက်ကြည့်ရာ ကားသည် ပက်လက်လန် တိမ်းမှောက်နေပြီး ကားဘေးတွင် အမျိုးသား၊ အမျိုးသမီးများ ဒဏ်ရာရလျက်လမ်းမပေါ် ပြန့်ကြဲနေသည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ သတင်းတွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူများကို သွားရောက်ကူညီရန် ကြိုးစားချိန် ကားမှာ မီးတောက်များဖြင့် ပေါက်ကွဲထွက်လာခဲ့ပြီး ကားတစ်စီးလုံး လောင်ကျွမ်းသွားခဲ့သဖြင့် အာဏာပိုင်များကို အကြောင်းကြားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတို့က ပြောဆိုထားသည်။

မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့များက မိနစ် ၂၀ ကြာအောင် ငြှိမ်းသတ်ခဲ့ရပြီးမှ မီးထိန်းသိမ်းနိုင်ခဲ့ကာ ကားတစ်စီးလုံး ပျက်စီးသွားခဲ့ကြောင်း ဖော်ပြထားသည်။

ကားသည် အရှိန်မထိန်းနိုင်ဘဲ ဘီးစလစ်ဖြစ်ကာ တိမ်းမှောက်ခဲ့သဖြင့် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စုံစမ်းချက်ကို ကိုးကားကာ ဖော်ပြသည်။

ကားသည် ဘန်ကောက်မြို့သို့ ဦးတည်သွားနေခြင်းဖြစ်ပြီး ကားပေါ်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမားကိုးဦး လိုက်ပါလာခဲ့ကြောင်း ဆိုသည်။

ဒဏ်ရာရရှိသူများသည် မြန်မာအလုပ်သမားများဖြစ်ကြပြီး ကားသမားသည် သေဆုံးသူများထဲတွင် ပါဝင်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

သေဆုံးသူများသည် မည်သူမည်ဝါဖြစ်ကြောင်း ဆက်လက်စုံစမ်းလျက်ရှိနေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မည်သည့်နိုင်ငံသားဖြစ်သည်ကို အတည်ပြုရမည်ဖြစ်ကြောင်း‌ ရဲတပ်ဖွဲ့က ဆိုသည်။

ပြီးခဲ့သော မေလအတွင်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာအလုပ်သမား ၃၇၀ ခန့် ဖမ်းဆီးခံခဲ့ရပြီး ကားမှောက်မှုကြောင့် သေဆုံးသူ သုံးဦး ရှိကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။

Ref: MGR Online, CH 8, Thai PBS News