ထားဝယ်မြို့နယ်၊ ဝကုန်းရွာသားတစ်ဦး ပစ်သတ်ခံရပြီးပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးမီးရှို့ခံရ

0
476

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

မနေ့(မေ ၃၁)မနက်ပိုင်းက သင်္ကန်းတုံးရွာကို လိုအပ်သည့် ပစ္စည်းများပြန်လာယူသည့် စစ်ဘေးရှောင်မိသားစုမှ မနန်းထွေးတို့ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့်ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချိုု့က ပြောသည်။

ယင်းနေ့ မနက်ပိုင်းမှာပင် မနန်းထွေး၏ အမျိုးသားနှင့် တူမဖြစ်သူအပါအဝင် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာက ဒေသခံခြောက်ဦး အဖမ်းခံခဲ့ရပြီး ဝကုန်းရွာမှ ကိုကျော်မင်းခန့်ကို ဖမ်းဆီးထားသူများရှေ့မှာပင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

“ဝကုန်းက တစ်ယောက်ကိုတော့ ဖမ်းခံထားရသူတွေရှေ့မှာပဲ ပစ်သတ်လိုက်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

သင်္ကန်းတုံးရွာမှ ပြန်လည်ထွက်ခွာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကိုမီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၈ လုံးခန့်မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ်ဖွဲ့က လက်ပြန်ကြိုးတုပ်ကာ မြေပြင်တွင်မှောက်ခိုင်းထားပြီး ရိုက်နှက်စစ်ဆေးခြင်း၊ ခြေဖြင့်ကန်ကျောက်ခြင်း၊ ဓားမြှောင်ဖြင့်ထောက်၍ စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု မိသားစုဝင်က ပြန်လည်ပြောပြသည်။

အဖမ်းခံရသူများအနက် မနန်းထွေး၏ တူမဖြစ်သူမှာ အသက် ၁၅ နှစ်ခန့်သာရှိပြီး အသက်မပြည့်သေးသည့် ကလေးကိုလည်း လက်ပြန်ကြိုးတုပ်ကာ မြေပြင်တွင်မှောက်လျက်အနေအထားဖြင့် စစ်ဆေးမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်ဟု ၎င်း ပြောသည်။

“(ဖမ်းထားသူတွေကို) သူတို့မေးချင်တာ လျောက်မေးတယ်၊ ရိုက်တယ်၊ ခြေထောက်နဲ့ကန်တယ်၊ ဓားမြှောင်နဲ့လိုက်ထောက်ပြီးတော့ မေးတယ်တဲ့” ဟု အထက်ပါမိသားစုဝင်က ဆိုသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သင်္ကန်းတုံးရွာသူ မနန်းထွေး၏ လက်ကောက်ဝတ်တွင် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက် ၁၁ နှစ်ခန့်အရွယ် သူမ၏သားမှာ ခြေထောက်တွင် ကျည်ဆန်ထိမှန်ခဲ့သဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းနေ့ မနက်ပိုင်းတွင်ပင် ရမ္မဇူရွာက ဒေသခံခြောက်ဦးခန့် အဖမ်းခံခဲ့ရပြီး ပခပ်ရွာအရောက်တွင် ဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထားဝယ်အရှေ့တောဒေသမှရွာများကို PDF ရွာ၊ PDF အားပေးထောက်ခံသည့်ရွာဟု စွပ်စွဲပြောဆိုကာ စစ်ဘေးရှောင်ပြည်သူများကို တွေ့လျှင်ဖမ်းဆီးခြင်း၊ ရိုက်နှက်စစ်ဆေးခြင်း၊ သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ဆန်အပါအဝင် စားနပ်ရိက္ခာများကို သယ်ယူခြင်းကို ကန့်သတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

ပကာရီရဲကင်းစခန်း စစ်ဆေးရေးဂိတ်မှာ ထားဝယ်အရှေ့တောဒေသတွင် အဆိုးဆုံးဂိတ်ဖြစ်ပြီး အရေးပေါ်လူနာအား ထားဝယ်ဆေးရုံကိုတင်ပို့မည့်ကိစ္စကိုပင် PDF ရွာက လူနာဟုဆိုကာ ပေးမဖြတ်ဘဲ တင်းကျပ်စွာစစ်ဆေးလေ့ရှိသည်ဟု ဒေသခံအချို့က ပြောဆိုသည်။