ကံပေါက်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရ

0
434

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာထိပ်တွင် ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ကလိန်အောင် – ကံပေါက်လမ်းပိုင်း ကံပေါက်ကျေးရွာအုပ်စု ဆိုင်းဘုတ်စိုက်ထူထားသည့် ပြင်ပို့တောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

မိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရရှိသူများကို စစ်တပ်ကားနောက်တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

“ပြင်ဘို့တောင် အနားမှာ စစ်ကားတစ်စီး မနက်က မိုင်းဆွဲခံရတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။

ထိခိုက်မှုအသေးစိတ်နှင့် မည်သည့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်ကိုမူ မသိရသေးပေ။

ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် တောင်ရင်းအင်းရွာလမ်းဆုံ၊ ပြင်ပို့တောင်၊ ကလိန်အောင်တံတား၊ ကျောက်မတ္တပ်ဘုရားနှင့် ကျောက်ရှပ်ရွာအနီးတွင် စစ်ကောင်စီတပ်သားအများအပြား နေရာယူထားကြောင်း ဒေသခံအချို့က ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ပြင်ပို့တောင်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလိန်အောင်-ကံပေါက် ကားလမ်းပိုင်း ခေတ္တပိတ်ဆို့မှုဖြစ်ခဲ့ဖူးသည်။

ပြီးခဲ့သည့်နှစ် မေလ ၇ ရက်ကလည်း မောရဝတီရေတပ်က စစ်ကောင်စီယာဉ်တန်းကို ကံပေါက်ဒေသကာကွယ်ရေး တပ်ဖွဲ့က ကံပေါက်-ကလိန်အောင်လမ်းပိုင်း အမှတ် ၂ တံတားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ကံပေါက်- ကလိန်အောင်လမ်းပိုင်းတွင် နေ့စဉ်နီးပါး မောရဝတီရေတပ်နှင့် အမှတ်၂၇၃ ခြေလျင်တပ်ရင်းမှ စစ်ကားအငယ်ဖြင့် ကင်းလှည့်စစ်ဆေးလေ့ရှိသည်။