လောင်းလုံးတွင် အဖမ်းခံထားရသူများသဖြင့် အချုပ်ခန်း ပြည့်လျှံနေဟုဆို

0
399

လဝကရုံးနှင့် မြို့မရဲစခန်းအပါအဝင် လောင်းလုံးမြို့ပေါ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူများပြား‌နေသဖြင့် အချုပ်ခန်းပင် ပြည့်လျှံနေကြောင်း မြို့မရဲစခန်းနှင့် နီးစပ်သူအချို့က ပြောသည်။

မြို့မရဲစခန်းရှိ အချုပ်ခန်းတွင် မဆံ့တော့သဖြင့် ဖမ်းဆီးထားသူအချို့ကို ထောင်အချုပ်ကားပေါ်တွင်ပင် ထိန်းသိမ်းထားသည်ကို တွေ့ရကြောင်း ‌၎င်းတို့က ပြောဆိုသည်။

“အပြင်မှာလည်း ဒီလိုပဲပြောနေကြတယ်။ အချုပ်ခန်းတောင် (နေရာ) မလွတ်တော့လို့ ထောင်ကားပေါ်မှာတောင် အယောက်သုံးဆယ်လောက်ရှိတယ်တဲ့။ လက်ထိပ်ခတ်ပြီး (အချုပ်ကားကို) အပြင်ကနေ သော့ခတ်ထားတယ်လို့‌ပြောနေကြတယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

မေလ ၂၃ ရက်က လောင်းလုံးမြို့မရဲစခန်း၊ လဝကရုံးနှင့် စစ်‌ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးတို့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့နှစ်ခုက ပူးပေါင်းစီးနင်းတိုက်ခိုက်ခဲ့ပြီး လဝက ဒုဦးစီးမှူးတစ်ဦးသေဆုံးခဲ့သည်။

ယင်းနေ့ညအချိန်တွင်ပင် လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီက စစ်ဆေးဖမ်းဆီးမှုများ စတင်ပြုလုပ်ခဲ့သည်။

ယင်းနောက် မေလ ၂၆ ရက်က စမ်းလှမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးရဲကလေးနှင့်အဖွဲ့ကို ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DDT တပ်ခွဲ ၃) က လောင်းလုံးမြို့အနောက်ပြင်လမ်းတွင် ပစ်ခတ်သဖြင့် ဦးရဲကလေး သေဆုံးခဲ့သည်။

မေလ ၂၉ရက်တွင်လည်း လောင်းလုံးမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်သူ ဦးမင်းသိန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်ခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။

ယင်းကဲ့သို့ လောင်းလုံးမြိုပေါ်တွင် ဆက်တိုက်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် ဖမ်းဆီးခံရသူ များပြားလာခြင်းဖြစ်ကြောင်း မြို့ခံအချို့က ဆိုသည်။

လက်ရှိတွင် (မေလ ၃၁ရက်တွင်) လောင်းလုံးမြို့တွင် ကျောင်းအပ်လက်ခံနေပြီး မြို့ထဲတွင် စစ်ဆေးတင်းကျပ်နေ‌ကြောင်း မြို့ခံအချို့က ပြောဆိုသည်။