ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် သေဆုံး

0
455

ထားဝယ်မြို့ခံ အမျိုးသားနှစ်ဦး မေလ ၃ဝရက် ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။

မေလ ၃၀ ရက် ည ၉ နာရီခွဲခန့်က ဘုံမ္မော်ရပ်ကွက် စောမိညိုလမ်းဆုံဘက်က သေနတ်သံများ အချက်ရေ ၅၀ ခန့်ကြားရကြောင်း မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

“ညက သေနတ်သံ ဖောင်း… ဖောင်း… ဆိုပြီး နှစ်ချက်ကြားတယ်။ ပြီးမှ သေနတ်သံတွေ ထပ်ကြားတယ်ပေါ့နော်” ဟု ကြက်စားပြင်ရပ်ကွက်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လမ်းဘေးခွေးများကို ခွေးစာကျွေးရန် ဆိုင်ကယ်ဖြင့် သွားသည့် အမျိုးသားနှစ်ဦးသည် စစ်ကောင်စီလှည့်ကင်းနှင့် တွေ့ပြီး ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းက ဆိုသည်။

သေဆုံးသူတစ်ဦးမှာ ထားဝယ်မြို့ ဇရစ်ရပ်တွင် နေထိုင်သည့် အသက် ၃၇ နှစ်ခန့်ရှိ ကိုဟိန်းဇော်အောင်ဖြစ်ပြီး နောက်တစ်ဦးမှာ ဆန်းချီရပ်ကွက်တွင်နေထိုင်သည့် ၎င်း၏ သူငယ်ချင်းဖြစ်သူ ကိုအောင်အောင်ဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

ကိုဟိန်းဇော်အောင်မှာ ယင်းလမ်းအနီးက လမ်းဘေးခွေးများကို အမြဲတမ်းအစာကျွေးနေသူဖြစ်ပြီး မနေ့ညပိုင်းက ခွေးစာကျွေးရန် စောမိညိုလမ်းဆုံဘက်ကိုသွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  

လှည့်ကင်းကျသည့် စစ်ကောင်စီတပ်ဖွဲ့က ညတိုင်း ထားဝယ်မြို့ထဲ ကားဖြင့် ကင်းလှည့်လေ့ရှိပြီး အချို့နေရာများတွင် ညပိုင်း ကင်းချထားသည့်နေရာများရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

၎င်းတို့စီးလာသည့် ဆိုင်ကယ်ကို စစ်ကောင်စီတပ်သားများက မီးပုံရှို့ထားသည်ကို မြင်ရကြောင်း စောမိညိုလမ်းဆုံအနီး နေသူ အမျိုးသားတစ်ဦးက ပြောသည်။

အလောင်းတစ်လောင်းကို မီးရှို့ထားသည်ဟု ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ဇမ္ဗူသီရိအ‌ရေးပေါ်လူနာကူညီသယ်ဆောင်ရေးအ‌ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အလောင်းနှစ်လောင်းလုံးမှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတာဖြစ်ကြောင်း ပြောသည်။