စစ်ကြောင်းထိုးလာချိန် ပစ်ခတ်မှုဖြစ်သဖြင့် ကျွန်းစုဒေသခံများ ထွက်ပြေးနေရ

0
2319

ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ပစ်ခတ်မှုဖြစ်သဖြင့် အနည်းဆုံးရွာသုံးရွာက ပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။

မေလ ၂၇ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်က စစ်သင်္ဘောတစ်စီးအပါအဝင် သားပေါက်လှေငယ် (သစ်သားလှေ) ၅ စီးဖြင့် ဝင်ရောက်လာပြီး ကမ်းပေါ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“PDF တွေက သူတို့အလာ ကြိုပြီးသွားပစ်တယ်။ စစ်ကောင်စီဘက်ကလည်း တစ်နာရီလောက် တခြမ်းတည်း မနားတမ်းပစ်ပြီး ကမ်းပေါ်တက်လာလို့ ရွာသားတွေ အကုန်ထွက်ပြေးကြရတယ်။ ဘဒ္ဒနဲ၊ ကမ်းသာ၊ မြိုင်သာ အကုန်ထွက်ပြေးရတယ်။ ဘဒ္ဒနဲဆို ရွာလုံးကျွတ်ပဲ ထွက်ပြေးရတာ” ဟု ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က ဘဒ္ဒနဲရွာနှင့် ကမ်းသာရွာသို့ ဝင်ရောက်ခဲ့ပြီး ပြည်သူနေအိမ်များကိုလည်း ဝင်ရောက်ရှာဖွေမွှေနှောက်သွားကာ ယနေ့ မေလ ၂၈ ရက် နေ့လယ်ကိုင်းတွင်ပြန်ထွက်သွားသည်ဟု ဒေသခံများက ပြောဆိုသည်။

ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုရှိမရှိ မသိရသေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကမူ ထိခိုက်မှုမရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ထံမှသိရသည်။

ပြီးခဲ့သည့် မတ်လကလည်း ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာစဉ် ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

ယခုအကြိမ်သည် ကျွန်းစုမြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်ထိုးမှု ဒုတိယအကြိမ်ဖြစ်သည်။