တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
2305

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဧပြီ ၂၉ ရက်နေ့မှ မေ ၅ ရက်နေ့အထိ

အာဖဂန်အမျိုးသမီးအရေး လုံခြုံရေးကောင်စီ တောင်းဆိုချက် တာလီဘန်ပယ်ချ

အာဖဂန်အမျိုးသမီးတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့်အပေါ် ကန့်သတ်ထားတာကို အဆုံးသတ်ဖို့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပြည်တွင်းလူမှုရေးကိစ္စရပ်သာ ဖြစ်တယ်လို့ တာလီဘန်အဖွဲ့က ပြောကြားလိုက်ပါတယ်။

အမျိုးသမီးတွေ ပညာသင်ကြားခွင့်နဲ့ အလုပ်လုပ်ခွင့် ကန့်သတ်ထားတဲ့အပေါ် ရှုတ်ချပြီး ဒါကို အမြန်ဆုံး အဆုံးသတ်ဖို့ တောင်းဆိုခဲ့တာပါ။

ဒီဆုံးဖြတ်ချက်ကို အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တညီတညွတ်တည်း အတည်ပြုခဲ့ပါတယ်။

ဒေသခံအမျိုးသမီးတွေကို အလုပ်လုပ်ကိုင်ခွင့် ပိတ်ပင်တာက နိုင်ငံအားလုံးက လေးစားသင့်တဲ့ အာဖဂန်နစ္စတန်ရဲ့ ပြည်တွင်းလူမှုရေးကိစ္စရပ်သာ ဖြစ်တယ်လို့ တာလီဘန်တွေက ပြန်လည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယခင်နှစ် ဒီဇင်ဘာလမှာ အမျိုးသားတွေနဲ့သာ ဖွဲ့စည်းထားတဲ့ တာလီဘန်အစိုးရဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေ အလုပ်လုပ်ခွင့်ကို တားမြစ်ခဲ့တာပါ။

ဒီလ အစောပိုင်းမှာတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေမှာ အာဖဂန်အမျိုးသမီးတွေ အလုပ်လုပ်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

Ref: VOA

………………………………..

ဆန္ဒပြ အီရန် အလုပ်သမားတွေ အလုပ်ထုတ်ခံရ

အီရန်နိုင်ငံတောင်ပိုင်း ရေနံဓာတုကုန်ထုတ်လုပ်ငန်းတွေမှာ လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုတဲ့ အလုပ်သမား ၄၀၀၀ ကျော် အလုပ်ထုတ်ခံလိုက်ရပါတယ်။

သူတို့ကို အလုပ်ထုတ်ပြီး အလုပ်သမားအသစ်တွေခန့်သွားမယ်လို့ အီရန်အစိုးရ သတင်းဌာနက ကြေညာခဲ့တာပါ။

Bushehr ပြည်နယ်အတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမားတွေဟာ လုပ်ခလစာတိုးပေးဖို့၊ နေရာထိုင်ခင်းနဲ့ သွားလာရေးအဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စီမံကိန်း ၈ ခုမှာ အလုပ်လုပ်ကိုင်နေတဲ့အလုပ်သမားတွေ စားဝတ်နေရေးအတွက် ဆန္ဒပြခဲ့ကြတာပါ။

ဒါကို ဥပဒေအရ ဖြေရှင်းဆောင်ရွက်ပြီးတဲ့နောက် အလုပ်သမား ၄၀၀၀ ကို အလုပ်ထုတ်ပြီး အလုပ်သမားအသစ်တွေနဲ့ အစားထိုးခန့်အပ်သွားမယ်လို့ စီးပွားရေးဇုံ အလုပ်အမှုဆောင်ချုပ်က ပြောကြားခဲ့ပါတယ်။

Ref: The National

………………………………..

ကမ္ဘောဒီးယားမှာ ပထမဆုံးအကြိမ် SEA Games ကျင်းပ

မေလ ၅ ရက်နေ ၁၇ ရက်အထိ ကျင်းပမယ့် SEA Games ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပသွားမှာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ အရင်က SEA Game ပြိုင်ပွဲတွေ ကျင်းပခွင့် မရခဲ့ပါဘူး။

အနှစ် ၃၀ လောက်ကြာခဲ့တဲ့ ပြည်တွင်းစစ်နဲ့ စစ်အပြီး အနှစ် ၂၀ လောက် ပြန်လည်တည်ဆောက်ရေးတွေ လုပ်နေခဲ့ရတာပါ။

အားကစားအမျိုးအစား ၃၇ မျိုး ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပြီး ကမ္ဘောဒီးယား စစ်တုရင်ကစားနည်းပြိုင်ပွဲနဲ့ ရိုးရာသိုင်း စတဲ့ ရိုးရာ ကစားနည်း သုံးမျိုးကိုလည်း ထည့်သွင်းထားပါတယ်။

ကမ္ဘောဒီးယား နိုင်ငံသားအားလုံး အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွေကို အခမဲ့ကြည့်ခွင့်ပေးမယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ကြေညာထားခဲ့ပါတယ်။

Ref: South China Morning Post

………………………………..

ဆူဒန်ပဋိပက္ခ လူ ၈ သိန်းကျော် ထွက်ပြေးလာနိုင်ဟု ကုလသတိပေး

တိုက်ပွဲတွေဖြစ်နေတဲ့ဆူဒန်နိုင်ငံကနေ လူ ၈ သိန်းကျော် ထွက်ပြေးလာနိုင်တယ်လို့ ကုလသမဂ္ဂက မေလ ၁ ရက်နေ့က သတိပေးလိုက်ပါတယ်။

လူတွေ သောင်းနဲ့ချီပြီး အိမ်နီးချင်းနိုင်ငံတွေဖြစ်ကြတဲ့ အီဂျစ်၊ ချဒ်နဲ့ တောင်ဆူဒန် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေခဲ့ကြတာပါ။

ထွက်ပြေးလာသူတွေ အနည်းဆုံး ၇ သောင်းကျော် ရှိနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် အကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးခဲ့ကြသလို ဆေးရုံတွေလည်း ထိမှန်ပြီး လူသားချင်းစာနာထောက်ထားရေး အထောက်အကူ ပစ္စည်းတွေကို လုယူကြတာတွေ ရှိနေတာပါ။

နိုင်ငံခြား‌ အကူအညီပေးရေးအဖွဲ့တွေကလည်း သူတို့လုပ်ငန်းတွေကို ရပ်နားထားရပါတယ်။

ဝန်ထမ်း ၃ ဦး သေဆုံးသွားလို့ လုပ်ငန်းရပ်ထားခဲ့တာကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လုပ်ငန်းတွေ ပြန်စနေပါပြီ။

Ref: REUTERS

………………………………..

ရုရှားသမ္မတနေအိမ် တိုက်ခိုက်ခံရ

ရုရှားသမ္မတ ပူတင်ရဲ့ ကရင်မလင်အိမ်တော်ကို ယူကရိန်းက ညဘက်မှာ အဝေးထိန်းဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ရုရှားတာဝန်ရှိသူတွေက ထုတ်ပြန်လိုက်ပါတယ်။

ရုရှားလုံခြုံရေးတပ်ကနေ ဒီ ဒရုန်းတွေကိုဖျက်စီးနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

သမ္မတ ပူတင်ကို ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ပါဘူး။

ဒရုန်းနဲ့တိုက်ခိုက်ချိန်မှာ သမ္မတပူတင်ဟာ ကရင်မလင်အိမ်တော်မှာရှိမနေဘူးလို့ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားထားပါတယ်။

ယူကရိန်းအစိုးရကတော့ ဒီတိုက်ခိုက်မှုမှာ ယူကရိန်းအနေနဲ့ လုံးဝပတ်သက်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

………………………………..

Ref: ABC News

အမေရိကန်က ယူကရိန်းကို ဒေါ်လာသန်း ၃၀၀ တန်ဖိုးရှိ စစ်ရေးအကူအညီ ထပ်ပေးမည်

ယူကရိန်းဘက်ကို အမေရိကန်က ဒေါ်လာ သန်း ၃၀၀ တန်ကြေးရှိတဲ့ စစ်ရေးအကူအညီတွေ ထောက်ပံ့ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

အကူညီတွေထဲမှာ HIMARS လို့ခေါ်တဲ့ ရွေ့လျားနိုင်စွမ်းမြင့်မားတဲ့ တာလတ်ပစ် ဒုံးကျည်တွေနဲ့ အမြောက် ကျည်တွေ ပါဝင်နိုင်ပါတယ်။

လေကြောင်းဆိုင်ရာ အထောက်အပံ့အတွက် Hydra 70 ဝေဟင်က ပစ်လွှတ်တဲ့ ပဲ့ထိန်းမဲ့ဒုံးပျံလည်း ပါဝင်မှာဖြစ်ပါတယ်။

ရုရှားမြေပြင်တပ်တွေကိုခုခံနိုင်ဖို့ သံချပ်ကာဖျက် လက်နက်တွေလည်း ပါဝင်မယ်လို့ဆိုထားပါတယ်။

ဒီအကူညီက ရုရှားကနေ ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း အမေရိကန်သမ္မတကနေ ၃၇ ကြိမ်မြောက် ထုတ်ယူခွင့်ပြုတဲ့ ထောက်ပံ့မှု အစီအစဉ် ဖြစ်ပါတယ်။

………………………………..

Ref: AP

ဆူဒန်မှာ တစ်ပတ်ကြာ အပစ်ရပ် သဘောတူညီချက်ကြား တိုက်ပွဲဖြစ်

ဆူဒန်နိုင်ငံမှာ သီတင်းတစ်ပတ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီထားပေမဲ့ မေလ ၄ ရက်နေ့မှာ မြို့တော် ခါတွန်ရဲ့ အနီးတစ်ဝိုက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပါတယ်။

ဆူဒန်အစိုးရလက်နက်ကိုင်တပ်ဖွဲ့ (SAF) နဲ့ ထောက်ပံ့ရေးခြေမြန်တပ် (RSF) နှစ်ဖွဲ့ကနေ ခါတွန်မြို့လယ်က သမ္မတနန်းတော်နဲ့ စစ်တပ်ဌာနချုပ် နေရာတွေကို ထိန်းချုပ်ဖို့ ကြိုးစားနေကြတာပါ။

ဧပြီလ အလယ်ပိုင်းက စလို့ ခေါင်းဆောင်တွေကြား အာဏာလွန်ဆွဲတဲ့ တိုက်ပွဲတွေကြောင့် လူ ၅၅၀ ကျော် သေဆုံးကာ ၅၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

လူပေါင်း ၈ သိန်းကျော်လောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးနိုင်တယ်လို့ ကုလသမဂ္ဂကလည်း ဒီအပတ်ထဲမှာပဲ သတိပေးထားပါတယ်။

………………………………..

Ref: Aljazeera

အယ်နီညိုကြောင့် ကမ္ဘာ့အပူချိန် တိုးမည်

အယ်နီညို စတင်မှုကြောင့် ဒီနှစ်ထဲမှာ ကမ္ဘာ့အပူချိန်ဟာ စံချိန်တင် မြင့်တက်လာနိုင်တယ်လို့ ကုလသမဂ္ဂ ကနေ သတိပေးလိုက်ပါတယ်။

အယ်နီညို စတင်မှုဟာ ဇူလိုင်လကုန်မှာ ၆၀ ရာခိုင်နှုန်းလောက် ရှိနိုင်ပြီး စက်တင်ဘာလကုန်ရင်တော့ ၈၀ ရာခိုင်နှုန်းလောက် တိုးလာနိုင်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် လာမယ့် ၂ နှစ်အတွင်း ကမ္ဘာ့အပူချိန် ပြင်းပြင်းထန်ထန် တိုးလာဖို့ ရှိနေပါတယ်။

ဒီနှစ်ထဲမှာ အပူချိန် စတင်သက်ရောက်ပြီး ရှေ့နှစ် ၂၀၂၄ ကျရင် ပိုပြီး သိသိသာသာ တိုးလာဖွယ် ရှိနေတာပါ။

အကျိုးဆက်အနေနဲ့ တောင်အမေရိက တောင်ပိုင်း၊ အမေရိကန်တောင်ပိုင်း၊ အာဖရိကတိုက် အရှေ့ဖျား၊ အာရှအလယ်ပိုင်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ်ရှိပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ သြစတြေးလျ၊ အင်ဒိုနီးရှားနဲ့ အာရှတောင်ပိုင်းဒေသတွေမှာတော့ ပြင်းထန်တဲ့ မိုးခေါင်မှုတွေ ကြုံရနိုင်တယ်လို့ သတိပေးထားပါတယ်။

………………………………..

Ref: The Guardian

ကိုးရီးယားမှာ နံရံကပ် ငှက်ပျောသီး အနုပညာကို ကျောင်းသားတစ်ဦးက ယူစား

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ လီအမ်းအနုပညာပြတိုက်မှာ အီတလီအနုပညာရှင် ကက်တီလန်ရဲ့ လက်ရာတစ်ခုအဖြစ် ငှက်ပျောသီးကို နံရံမှာ တိတ်နဲ့ကပ်ပြီး ပြသခဲ့ပါတယ်။

ငှက်ပျောသီးကို နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ လက်ရာကို ” လူရွှင်တော်” လို့ အမည်ပေးထားတာပါ။

ဒါကို ဆိုးလ်အမျိုးသားတက္ကသိုလ်မှ အနုပညာကျောင်းသားတစ်ယောက်က လီအမ်းပြတိုက်ကို လာကြည့်ရင်း ဗိုက်ဆာလို့ဆိုပြီး နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီးကို ခွာစားပစ်ခဲ့ပါတယ်။

အနုပညာကျောင်းသားက ငှက်ပျောသီးကို ခွာစားပြီး အခွံကိုတော့ နံရံမှာ တိပ်နဲ့ ပြန်ကပ်ပေးထားခဲ့တာပါ။

နောက်ပိုင်းမှာ ပြခန်းဝန်ထမ်းတွေက ငှက်ပျောသီးအသစ်တစ်လုံးနဲ့ အစားထိုးခဲ့ရပါတယ်။

ကက်တီလန်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပါဘူး။

………………………………..

Ref: CNN

ကလေး ၅၅၀ ကျော်၏ အဖေဖြစ်လာခဲ့တဲ့ ဒတ်ချ်အမျိုးသားကို သုတ်ပိုး ထပ်မလှူတော့ဖို့ တရားရုံး အမိန့်ချ

ကမ္ဘာတစ်ဝန်းမှာ ကလေးငယ် ၅၅၀ ကျော် မွေးဖွားနိုင်အောင် သုတ်ပိုးလှူဒါန်းပေးခဲ့တဲ့ ဒတ်ချ်အမျိုးသားကို သုက်ပိုးလှူဒါန်းမှု ထပ်မလုပ်တော့ဖို့ ဒတ်ချ်တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

နောက်ထပ် သုတ်ပိုးလှူဒါန်းဖို့ ကြိုးစားမယ်ဆိုရင် ယူရို ၁ သိန်း ဒဏ်ရိုက်မယ်လို့ သတိပေးလိုက်ပါတယ်။

ဂျိုနသန်လို့ အမည်ရတဲ့ အသက် ၄၁ နှစ်အရွယ် အမျိုးသားဟာ ၂၀၀၇ ခုနှစ်က စတင်ပြီး သုတ်ပိုးလှူဒါန်းခဲ့တာပါ။

အချင်းချင်း ပြန်လက်ထပ်မိမှာစိုးလို့ ဒတ်ချ်ဆေးရုံတွေက မိသားစု ၁၂ စုအတွက် ကလေးငယ် ၂၅ ယောက် ထပ်ပိုပြီး သုက်ပိုးလှူဒါန်းမှု မလုပ်ဖို့ တားမြစ်ထားပါတယ်။

Ref: The Guardian

………………………………..