ဖန်ရောင်းကို အောင်လအန်ဆန်း အနိုင်ယူ၊ သုံးပွဲဆက် အနိုင်ရ

0
2820

ကချင်တိုင်းရင်းသား ကိုယ်ခံညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းသည် တရုတ်ကိုယ်ခံပညာစုံ တိုက်ခိုက်ရေးသမား ဖန်ရောင်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် One Fight Night 10 One Championship စိန်ခေါ်ပွဲစဉ်တွင် ၎င်း၏နာမည်ကျော် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ယူကာ သုံးပွဲဆက်အနိုင်ရလဒ်ကို ရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့စပါးအုံးဟု ချစ်စနိုး နာမည်မှည့်ခေါ်ခြင်းခံထားရသည့် အောင်လအန်ဆန်းသည် ဒုတိယမြောက်ပွဲချီတွင် ဖန်ရောင်းကို လည်ပင်းချုပ်ကွက် အသုံးပြု၍ အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။

ကင်းကောင်စစ်သူရဲ ဟု ချစ်စနိုးခေါ်ဝေါ်ခံရသည့် ဖန်ရောင်းသည် ဒုတိယမြောက်ပွဲချီတွင် အောင်လအန်ဆန်းကို ဆွဲလှဲချ၍ ထိုးသတ်ရန် ကြံရွယ်လိုက်ချိန်၌ အောင်လအန်ဆန်းက လည်ပင်းကို အပိုင်ဖမ်းချုပ်လိုက်ရာတွင် ဆက်လက်တောင့်မခံနိုင်တော့ဘဲ လက်ဖြင့် အောင်လအန်ဆန်းကို ပုတ်၍ အရှုံးပေးကြောင်း ပြသသွားခဲ့ရခြင်းဖြစ်သည်။

အောင်လအန်ဆန်းသည် ယခုမတိုင်မီတွင် ထိုးသတ်ခဲ့သော စိန်ခေါ်ပွဲစဉ်များ၌လည်း အိုကာမီ၊ ဂယ်လ်ဗာအို အစရှိသည့်ပြိုင်ဘက်များကို အလဲထိုးရလဒ်များဖြင့် အနိုင်ရရှိထားသည့်အတွက် သုံးပွဲဆက်တိုက် အနိုင်ရယူလိုက်နိုင်သည့် မှတ်တမ်းကောင်းကို ရရှိသွားခဲ့ပြီလည်းဖြစ်သည်။

ဖန်ရောင်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နောက်ပိုင်းတွင် One Championship စိန်ခေါ်ပွဲစဉ်တစ်ပွဲကို ပြန်လည်ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးထိုးသတ်ခဲ့သည့် နှစ်ပွဲလုံး၌ ဖန်ရောင်းက အရှုံးရလဒ်များဖြင့် ရင်ဆိုင်လိုက်ရသည်။

အောင်လအန်ဆန်းသည် ၎င်း၏ပရော်ဖက်ရှင် ကိုယ်ခံပညာစုံတိုက်ခိုက်ရေး ကစားသမားဘဝဖြတ်သန်းမှုတွင် ပွဲ ၃၀ မြောက်နိုင်ပွဲကို ရှာဖွေရရှိသွားခဲ့ခြင်းဖြစ်ပြီး ရှေ့လာမည့်ပွဲစဉ်တွင် ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုအတွက် စိန်ခေါ်ပွဲ ထိုးသတ်ရန် လမ်းပွင့်သွားခဲ့ပြီလည်းဖြစ်သည်။