ဆန်၊ဆီနှင့် အခြေခံစားသောက်ကုန်များ စျေးတက်လာသည့် ထားဝယ်ဈေးကွက်

0
2186

ထားဝယ်တွင် ယခုအပတ် ဆန်၊ စားသုံးဆီအပါအဝင် အခြေခံစားသောက်ကုန်အချို့  အနည်းငယ်စျေး တက်လာခဲ့သည်။

ပြီးခဲ့သည့်အပတ် ဧပြီလ ၂၁ ရက်နေ့က ရွှေဘိုပေါ်ဆန်း တစ်အိတ် ၁၂၃၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၁၂၉၀၀၀ ကျပ်ဖြင့် ဆန်တစ်အိတ်ကို ၆၀၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းသို့ပင် အကယ်ဒီမီပေါ်ဆန်း(အစိမ်းရောင်တံဆိပ်)တစ်အိတ်ကို ပြီးခဲ့သည့် အပတ်က ၈၉၀၀၀ ကျပ်မှ ယနေ့ ဧပြီ ၂၈ ရက်နေ့တွင် ၉၄၅၀၀ ကျပ် ဖြစ်သွားပြီး ဆန်တစ်အိတ်ကို ၅၅၀၀ ကျပ်ဈေးတက်သွားသည်။

ယင်းနောက် အကယ်ဒမီပေါ်ဆန်း(အနီရောင်တံဆိပ်)ဆန်တစ်အိတ်ကို ပြီးခဲ့သည့်အပတ်က ၈၃၀၀၀ ကျပ်မှ ယနေ့ဧပြီ ၂၈ ရက်နေ့တွင် ဆန်တစ်အိတ်လျှင် ၈၇၀၀၀ ကျပ်ဖြစ်သွားသဖြင့် ဆန်တစ်အိတ်ကို ၄၀၀၀ ကျပ် ဈေးတက်သွားသည်။

ထားဝယ်တွင်ယခုအပတ် ဆန်ဈေးတက်သလို စားသုံးဆီဈေးမှာလည်း အနည်းငယ်လိုက်တက်လာသည်။

ပဲဆီ(အမေထွားတံဆိပ်)တစ်လီတာကို အရင်ပတ်က ၈၁၀၀ ကျပ်မှာ ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် ၈၃၀၀ ကျပ်ဖြစ်သွားပြီး ဆီတစ်လီတာ ၂၀၀ ကျပ်ခန့်ဈေးတက်သွားခြင်းဖြစ်သည်။

ထိုနည်းတူ ပဲဆီ (ဇွဲတံဆိပ်)တစ်ပိဿာဈေးနှုန်းမှာလည်း အရင်ပတ်က ၁၅၁၅၀ ကျပ်မှ ယနေ့ဧပြီလ ၂၈ ရက်နေ့တွင် ၁၅၃၅၀ ကျပ်ဖြစ်သွားပြီး ဇွဲတံဆိပ် စားသုံးဆီတစ်ပိဿာ ၂၀၀ ကျပ်ခန့် ဈေးတက်သွားခြင်းဖြစ်သည်။

မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီတစ်ပိဿာဈေးမှာလည်း ယခင်ပတ်ကထက် တစ်ပိဿာ လျှင် ကျပ် ၂၀၀ မှ ၃၀၀ ကျပ်အထိ ဈေးတက် လာခဲ့သည်။

ပြီးခဲ့သည့်ဧပြီလ ၂၁ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီ(မုံရွာ) တစ်ပိဿာဈေးမှာ ၁၇၀၀ကျပ်ဖြစ်ပြီး ကြက်သွန်နီ (မြစ်သား) တစ်ပိဿာဈေးမှာ ၂၃၀၀ ကျပ်ခန့်သာရှိခဲ့သည်။

ယနေ့ ဧပြီ လ၂၈ ရက်နေ့တွင် မုံရွာကြက်သွန်နီတစ်ပိဿာ ၂၀၀၀ ကျပ်၊မြစ်သား ကြက်သွန်နီ တစ်ပိဿာ ၂၅၀၀ ကျပ်ဖြစ်သွားသဖြင့် ကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ကျပ်မှ ၃၀၀ကျပ်အထိ ဈေးတက်သွားသည်။

ဆန်၊ဆီအပါဝင် ကြက်သွန်ဈေးများ အတက်ဘက်ရောက်နေသော်လည်း၊ ငရုတ်သီးခြောက်ဈေးနှုန်းမှာ ထားဝယ်ဈေးကွက်တွင် ဈေးငြိမ်နေသည်ကို တွေ့ရသည်။