လေးလအတွင်း စစ်ဘေးရှောင် ခုနစ်သိန်းနီးပါးထပ်တိုး၊ စစ်ဘေးရှောင် ၂ ဒသမ ၆ သန်းကျော်အထိရောက်ရှိ

0
1919
ပုံစာ - ကရင်ပြည်နယ် ရွှေကုက္ကိုမြို့သစ်အနီး ယခုဧပြီလဆန်းပိုင်းက တိုက်ပွဲကြောင့် ထိုင်းဘက်သို့တိမ်းရှောင်ကြသည့် ဒေသခံများ။

မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခပိုမိုတင်းမာလာပြီး ယခုနှစ်တွင် ဧပြီလ ၂ဝရက်အထိ လေးလအတွင်း စစ်ဘေးရှောင် ဒုက္ခသည် ခုနစ်သိန်းနီးပါးတိုးလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု ISP Myanmar က ယနေ့ ဧပြီလ ၂၇ ရက်တွင် ထုတ်ပြန်သည်။

လေးလအတွင်း စစ်ဘေးရှောင်ဒုက္ခသည် ၆၈၂,၃၄၄ ဦး တိုးလာခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလအတွင်း ကာလတိုတစ်ခုတွင် စံချိန်တင်တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းပမာဏသည် အာဏာသိမ်းကာလ ၂နှစ်ကျော်တွင် ရှိသည့် စစ်ဘေးရှောင်အရေအတွက်၏ လေးပုံတစ်ပုံ ၂၅ ရာခိုင်နှုန်း ရှိကြောင်း ISP Myanmar ထံမှ သိရသည်။

၂နှစ်ကျော်ကာလတွင် လက်နက်ပဋိပက္ခဖြစ်စဉ်များကြောင့် စစ်ဘေးရှောင်းဒုက္ခသည် ၂ဒသမ ၆ သန်းကျော်ရှိလာပြီး အာဏာမသိမ်းခင်က စစ်ဘေးရှောင် ငါးသိန်းနီးပါးရှိသဖြင့် စုစုပေါင်း သုံးသန်းကျော်ရှိလာကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းအပြင် ရိုဟင်ဂျာများအပါအဝင် တစ်သန်းထက်မနည်းမှာလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးကာ ဒုက္ခသည်များအဖြစ် ရှိနေကြောင်းဆိုသည်။

ပြည်တွင် စစ်ဘေးရှောင်များ၏ ထက်ဝက်ကျော်မှာ စစ်ကိုင်းတိုင်းက ဖြစ်ပြီး စစ်ဘေးရှောင် ၁ဒသမ သုံးသန်းကျော် ရှိနေကြောင်း ISP Myanmar ထံမှ သိရသည်။

မကွေးတိုင်းက စစ်ဘေးရှောင် သုံးသိန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ပြီး ကယားပြည်နယ်နှင့် ပဲခူးတိုင်းတို့မှာ နှစ်သိန်းကျော်ဖြင့် အစဉ်အလိုက် အများဆုံးစာရင်းတွင် ရှိနေသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ်များအနက် ၁၆ မြို့နယ်တွင် ယခုနှစ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းခွဲကျော်တိုးလာပြီး စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တစ်ခုတည်းတွင် တစ်သိန်းနှစ်သောင်းကျော် တိုးလာနေကြောင်းလည်း ဖော်ပြသည်။