ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံရ

0
1951

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရပြီး စခန်းမီးလောင်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကင်းမွန်ချောင်းနယ်မြေရဲစခန်းကို ဧပြီလ ၂၇ ရက် ညနေ ၄ နာရီကျော်က ကျိုက်ထိုမြို့နယ် တော်လှန်ရေး အင်အားစုတို့က ဒရုန်းဖြင့် လေးကြိမ် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပအိုဝ်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းဒေါမ်) PPDF-KD က ထုတ်ပြန်ထားသည်။

ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲစခန်း မီးလောင်ပြာကျသွားသည်ဟု တော်လှန်ရေး အင်အားစုတို့ဘက်က ထုတ်ပြန်ထားသော်လည်း အသေးစိတ်အခြေအနေကိုမူ Dawei Watch က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သေနတ်သံကြားရပြီးတော့ ရဲစခန်းဘက်မှာ မီးခိုးလုံးတွေ ထွက်လာတာတော့ တွေ့ရတယ်။ အသေးစိတ်တော့ မသိရဘူး” ဟု ကင်းမွန်ချောင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို အတည်မပြုနိုင်ခြင်း မရှိသေးကြောင်း PPDF-KD က ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများဘက်ကမူ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ကင်မွန်းချောင်းနယ်မြေရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

ကျိုက်ထီးရိုးဘုရားတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ လာရောက် ပစ်ခတ်တိုက်ခိုက်လေ့ရှိသည်။