ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာကို စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ၊ လူငယ်နှစ်ဦးအဖမ်းခံရ

0
2558

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်ရွာအနီးက စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ယနေ့(ဧပြီ ၂၄)နံနက်တွင် ရွာကို ရှာဖွေစစ်ဆေးမှုများပြုလုပ်ကာ လူငယ်နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာ PDF ပူးပေါင်းတပ်များဘက်မှ ၁၇ ဦး ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးသေဆုံးကာ ဒဏ်ရာရသူများပြားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)-T1 ကယနေ့ သတင်းထုတ်ပြန်ခဲ့သည်။

နံနက် ၅ နာရီခွဲမှ ၇ နာရီခန့်အထိ ၁ နာရီခွဲခန့်ကြာသည့် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး ပူး‌ပေါင်းတပ်များဘက်မှ ၁၆ ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး ကျန်တစ်ဦးကမူ ဒဏ်ရာပြင်းထန်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘုရားမဲစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရသည့်နေ့က စစ်ကောင်စီဘက်က ညနေပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်များနှင့် တဖက်သတ်ပစ်ခတ်မှုများပြုလုပ်ခဲ့သည်။

တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ နံနက်စောစောပိုင်းတွင် မောင်မယ်ရှောင်ရွာကို လဝက၊ ရဲနှင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး အင်အားအလုံးအရင်းဖြင့် တစ်လမ်းဝင် တစ်လမ်းထွက် ပိတ်ဆို့ရှာဖွေစစ်ဆေးခဲ့ကြောင်း ယင်းကျေးရွာနေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ညီကိုနှစ်ယောက်ကို ဖမ်းခေါ်သွားတယ်၊ ကျွန်တော်တို့ခေါ်တာတော့ အာနိုးလို့ခေါ်တယ်။ ပြီးတော့ သူ့ညီက တစ်ယောက်ပါတယ်။ ကားပေါ်တင်ပြီးခေါ်သွားတာ အခုထိပြန်ရောက်လာတာမရှိသေးဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့ ရှာဖွေစစ်ဆေးမည့်လမ်းကို ပတ်ဆို့လိုက်ပြီး အချို့လမ်းတွင် တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေစစ်ဆေးကာ အချို့လမ်းများကိုမူ အိမ်အချို့ကိုသာ သီးသန့် ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်ဟု အထက်ပါအမျိုးသားက ဆိုသည်။

ယင်းသို့ရှာဖွေစစ်ဆေးရာတွင် ၎င်းသူငယ်ချင်းတစ်ဦး၏ နေအိမ်မှ ငွေကျပ်ဆယ်သိန်းကျော်နှင့် ရွှေကိုယူဆောင်သွားသည်ဟု ကြားသိရပြီး အခြားအိမ်တစ်ဆောင်မှလည်း ငွေ နှစ်သိန်းခန့်ပါသွားသည်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယနေ့ နေ့လယ် ၁ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားသည်ဟု ဆိုသည်။

အထက်ပါပြောဆိုချက်နှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စစ်ကောင်စီ၏ ဘုရားမဲစစ်ဆေးရေးဂိတ်မှာ ဧပြီလ ၉ ရက်နေ့ကလည်း တိုက်ခိုက်ခံရပြီး မကြာခဏတိုက်ခိုက်ခံနေရသည်။