ရေလှူရန်သွားသည့်ကားကို ရွှေဂူတံတားစစ်ဆေးရေးဂိတ်က ဖြတ်ခွင့်မပေးဟုဆို

0
3415

သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာသို့ ရေသွားလှူသည့်ကားများကို ရွှေဂူတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပေးဘဲ နောက်ပြန်လှည့်ခိုင်းခဲ့ကြောင်း ရေလှူသွားသူများနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

အဆိုပါရွာတွင် ရေလိုအပ်နေသည်ဟု ဖုန်းဆက်အကူအညီတောင်းခံသဖြင့် ဧပြီလ ၂၃ ရက်နေ့တွင် ထားဝယ်မြို့မှ ရေသွားလှူခဲ့ကြောင်း ရေသွားလှူသူများနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ရေအလှူကားများကို တားမြစ်ခဲ့သည့် ရွှေဂူတံတားမှာ သရက်ချောင်းမြို့နယ်နှင့် ထားဝယ်မြို့နယ်အစပ် ရှင်မုတ္ထီးရွာနှင့် ကပ်လျက် တည်ရှိသည်။

“ရေသွားလှူတာကို ပြန်လှည့်ခိုင်းတယ်။ ဒီလိုတားတာက ရေရှားတဲ့နေရာတွေ ဒုက္ခရောက်တာပေါ့” ဟု အထက်ပါ နီးစပ်သူက ပြောဆိုသည်။

အဆိုပါစစ်ဆေးရေးဂိတ်က ဖြတ်သန်းခွင့်မပြုသည့်အကြောင်းအရင်းကို ပြောဆိုခြင်းမရှိဘဲ ပြန်လှည့်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ရေလှူဒါန်းရန် သွားသူများ၏ ဖုန်းများကိုမူ ဖွင့်စစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဖြတ်သန်းခွင့်မပြုသဖြင့် လှည့်ပြန်ခဲ့ရပြီး ရေများကို ရေလိုအပ်သည့် အခြားကျေးရွာများကို လှူဒါန်းလိုက်ကြောင်း ဆက်လက် ပြောဆိုသည်။

ညောင်ဇင်ရွာတွင် ရေရှားနေသည့်အတွက် လာရောင်းသည့်ရေကားများတွင် ဝယ်သုံးခြင်းနှင့် ရေတွင်း မခန်းသေးသည့် အိမ်အချို့နှင့် မျှဝေသုံးစွဲခြင်းဖြင့် ရေပြဿနာကို ဖြေရှင်းနေရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ရေမရှားတာ သုံးနှစ်ရှိပြီ။ ဒီနှစ်မှ ရှားတယ်။ အစ်မတို့ရေတွင်းမှာကို ရေနည်းနေပြီ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ထားဝယ်ဒေသရှိ ညောင်ဇင်၊ ရှင်မုတ္ထီး၊ ကနိုင်းဒါ၊ ကဒင်ဝ၊ ကထောင်းနီ၊ ဝေဒီရွာ အစရှိသည့်ကျေးရွာများတွင် နွေရာသီရောက်တိုင်း နှစ်တိုင်းနီးပါး ရေရှားပါးလေ့ရှိသည်။

ထိုသို့ရေရှားချိန်တွင်လည်း ထားဝယ်ဒေသခံများစုပေါင်းပြီး အစုအဖွဲ့လိုက် ရေသွားလှူလေ့ရှိသည်။