မြိတ်တွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

0
2109
ဓာတ်ပုံ-အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုအသင်း

မြိတ်မြို့နယ် မင်းသန်းကျေးရွာအုပ်စု မရင်းငယ်ကျေးရွာ၌ ယနေ့ ဧပြီ ၁၆ရက်တွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။

ရွာအနီး တောင်ပေါ်ရှိ သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း ရုပ်အလောင်းကို ကူညီသယ်ဆောင် ပေးခဲ့သည့် အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“လင်မယားစကားများကြတာလို့ ကြားရတာပဲ။ (ကြိုးဆွဲချတဲ့အကြောင်းအရင်း) အတိအကျတော့ မသိဘူး။ ဖြစ်တာက တောင်ပေါ်က ဥယျာဉ်တစ်ခုထဲမှာ ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။

ဆွဲကြိုးချသေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ရုပ်အလောင်းအား မြိတ်မြို့ရှိ စစ်တပ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းထံမှ သိရသည်။

သေဆုံးသူအမျိုးသားတွင် ဇနီးနှင့် ကလေးနှစ်ဦး ကျန်ရစ်ခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အမျိုးသားနှစ်ဦး ကြိုးဆွဲချ သေဆုံးသေးသည်။

အဆိုပါ ကြိုးဆွဲချသူတို့သည် အသက် ၂၀ နှစ်မှ ၃၀ နှစ်အကြားရှိ လူငယ်များ ဖြစ်ကြသည်။