တနင်္သာရီ၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရ

0
2206

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။

ဧပြီလ ၈ ရက်နေ့တွင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမ ကမ်းတိုရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့သွားသည်ဟု ဒေသခံများကပြောသည်။

“မီးရှို့ခံရတဲ့ အိမ်တွေက လူမနေတာကြာပြီ။ ဘန်းလမွှတ်အုပ်စုထဲက ရွာတွေ က တိုက်ပွဲကြောင့် အကုန်ထွက်ပြေးနေကြရတာ”ဟု ဒေသခံအမျိုးသားကပြောသည်။

ကမ်းတိုရွာသည် အိမ်ခြေ ၃၀ ဝန်းကျင်သာရှိသည့် ရွာငယ်လေးတစ်ရွာဖြစ်ပြီး ယင်းအနီးအနားရှိ ပနပ်ငယ်၊ငါးရံ့အင်းရွာဟောင်း၊ ကဒဲလိပ်၊ ညောင်ပင်ကုန်း၊ရေခမ်းချောင်း စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀ ဝန်းကျင်သည်လည်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်း စစ်ရှောင်ကူညီပေးနေသည့် အဖွဲ့များ ထံမှသိရသည်။

ဘန်းလမွှတ်ကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီး ဧပြီ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ဆိုင်ကယ်များ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရသည်။

ယင်းတိုက်ခိုက်မှုကိုတောပုန်းကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာခဲ့ပြီး တိုက်ပွဲအနီးရှိကျေးရွာများမှ ပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသည်။