ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဝင်တိုက်

0
3592

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး အဖွဲ့များက ယနေ့ (ဧပြီ ၉) နေ့လယ် ၁၁ နာရီခန့်မှစပြီး ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံအချို့က ပြောသည်။

ပကာရီရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခု နေ့လယ် ၁၂ နာရီ ၄၀ မိနစ်(သတင်းမေးမြန်းချိန်) အထိ ပစ်ခတ်မှုဖြစ်ပွားနေဆဲဖြစ်သည်ဟု ဒေသခံအချို့ထံမှသိရသည်။

“အခုလောလောဆယ် စကားပြောလို့ အဆင်မပြေသေးဘူး၊ ကျွန်တော်တို့လည်း ပုန်းနေရတယ်။ အခုထိ ပစ်ခတ်မှုတွေဖြစ်နေတုန်းပဲ” ဟု ပကာရီရွာမှ အမျိုးသားတစ်ဦးက ဆိုသည်။

ယနေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်များက ထားဝယ်မြို့နယ်အတွင်းရှိ စစ်ကောင်စီပစ်မှတ်များကို ဆက်တိုက်ဝင်ရောက်တိုက်ခိုက်နေပြီး စော်ဖျားရွာ စစ်ကောင်စီဂိတ်၊ မောင်မယ်‌ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ယခု ပကာရီရဲစခန်းများကို ရှေ့ဆင့်နောက်ဆင့် ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

သရက်ချောင်းမြို့နယ် စော်ဖျားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့များ နေထိုင်သည့် စစ်ကောင်စီဂိတ်ကို တိုက်ရာတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၈ ဦးခန့် ဒဏ်ရာအနည်းငယ်ရခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီးတို့ ကျဆုံးမှုများသည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မောင်မယ်ရှောင်ရွာက ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် ပကာရီရဲကင်းစခန်း တိုက်ပွဲဖြစ်ပွားမှုအခြေအနေ အသေးစိတ်ကိုမသိရသေးပေ။