ထားဝယ်မြို့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တိုက်

0
2483

ထားဝယ်မြို့၊ မောင်မယ်ရှောင်ကျေးရွာက ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ (ဧပြီ ၉)နံနက် ၉ နာရီအချိန်ခန့်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

နံနက် ၉ နာရီခန့်က PDF တပ်ဖွဲ့များရောက်လာပြီး မကြာမီ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မောင်မယ်ရှောင်ကျေးရွာမှ ဒေသခံအမျိုးသားက ပြောသည်။

“မနက်တုန်းက အလှူရှိနေတော့ အလှူကလူတွေ ပစ်ခတ်သံတွေကြားပြီး ထမင်းကို မစားဖြစ်ကြဘူးထင်တယ် ထပြေးလာကြတာ” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

မိနစ်အနည်းကြာ ပစ်ခတ်မှုဖြစ်ပြီးနောက် ဘုရားမဲ စစ်ဆေးရေးဂိတ်နှင် ဇဟာအခြေစိုက် စစ်ကောင်စီတပ်က နံနက် ၁၁ နာရီခန့်အထိ လက်နက်ကြီးနှင့်ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်ဟု ယင်းကျေးရွာမှ အခြား‌ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ပစ်ကြခတ်ကြတော့ ကိုယ့်အိမ်ထဲမှာပဲ တံခါးတွေပိတ်ပြီး ဝပ်နေကြတယ်” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကနဦးရရှိသည့် အချက်အလက်များကိုသာ ဖော်ပြနိုင်သေးပြီး အသေးစိတ်အခြေအနေကို မသိရသေးပေ။