ပုလောတွင် ၇ နာရီနီးပါးကြာတိုက်ပွဲဖြစ်၊ အရပ်သားတစ်ဦး သေဆုံး

0
2255
ပုံစာ - ပုလောရွာတွင်း တိုက်ပွဲ (ပုံဟောင်း)

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် မနေ့က(ဧပြီ ၈) ၇ နာရီခန့် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လမ်းသွားလမ်းလာ  အရပ်သားလေးဦးခန့် ထိခိုက်ဒဏ်ရာရကာ တစ်ဦးသေဆုံးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

ဧပြီလ ၈ ရက်နံနက် ၉ နာရီခန့်မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ညနေ ၄ နာရီခန့်တွင် ပစ်ခတ်သံများ ရပ်နားသွားခဲ့သည်ဟု ဒေသခံများ ကပြောသည်။

တိုက်ပွဲဖြစ်နေစဥ်အတွင်း အရပ်သားလေးဦးခန့် သေနတ်ကျည်ဆံထိမှန်ခဲ့ပြီး ဆိုင်ကယ်မောင်းလာသည့် အသက် ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံများကပြောသည်။

“သူ့သမီးငယ်ကိုတင်ပြီး မောင်းလာတုန်းအပစ်ခံရတာ။မင်းထိန်ကို သယ်လာပြီး ပုလောဆေးရုံရောက်မှ သေသွားတာပါ”ဟု မင်းထိန်ဒေသခံ အမျိုးသားကပြောသည်။

သေဆုံးသူမှာ ကိုကျော်စိုး ဟုသိရပြီး ပဝတ်ကုန်းရွာသား ဖြစ်သည်ဟု ဒေသခံများ ကပြောသည်။

“သေတာက ပဝတ်ကုန်းက ဦးကျော်အေးသား သူ့အဖေနာမည်ပဲသိတယ်။သားတွေနာမည်တော့ သိပ်မမှတ်မိဘူး”ဟု ကဒဲရွာဒေသခံအမျိုးသား ကပြောသည်။

ကဒဲ၊မင်းထိန်နှင့်ပဝတ်ကုန်းရွာတို့သည် ပုလောမြို့အနီး ပြည်ထောင်စုလမ်းမပေါ်တွင် တည်ရှိသည့် ကျေးရွာများဖြစ်ကြသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။

မနေ့ကတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖက်မှ လက်နက်ကြီးပစ်ခတ်သံမကြားရသော်လည်း မိုင်းခွဲသံနှင့် လက်နက်ငယ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

“ညနေမိုးတွေ တအားရွာချလိုက်မှပဲ ပစ်သံခတ်သံတွေနားသွားတယ်”ဟု မင်းထိန်ဒေသခံအမျိုးသား ကပြောသည်။

ဧပြီလ ၇ ရက်နေ့ကလည်း ပဝတ်ကုန်းရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုများပြားကြောင်း ဒေသခံများ ထံမှသိရသည်။

 ပဝတ်ကုန်းရွာတွင် တိုက်ပွဲကြောင့် လူမနေသည်မှာကြာပြီဖြစ်ပြီး ရွာသားအချို့မှာ သွားသွားလာလာ လုပ်ကိုင်နေခြင်းများလည်းရှိကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီက ပုလောမြို့နယ်နှင့်တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်လာခဲ့ပြီး တိုက်ပွဲအနီးရှိကျေးရွာများမှ ပြည်သူများ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသည်။