အမေရိကန် အောက်လွှတ်တော်အမတ်နှင့် ထိုင်ဝမ်သမ္မတတို့ တွေ့ဆုံမှုအပေါ် ပြင်းထန်လာသော တရုတ်အစိုးရ၏ တုံ့ပြန်မှုများ

0
2419

အမေရိကန် ၏ နိုင်ငံရေး ခေါင်းဆောင်မှု အဆင့်တွင် တတိယ အမြင့်ဆုံး အရာရှိ ဖြစ်သည့် အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ  ကယ်ဗင် မက်ကာသီ နှင့် အခြားသော ရီပတ်ဘလီကန် နှင့် ဒီမိုကရက်တစ် ပါတီများမှ လွှတ်တော် အမတ်များသည် ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆီမိုင် တောင်ကြားရှိ ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက်တွင် ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ် ကို လက်ခံတွေ့ဆုံခဲ့သည်။

ခရီးစဉ်မစတင်မီကတည်းက တရုတ်ထံမှ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်မှုများ ဆက်တိုက် ရှိနေခဲ့သော်လည်း အမေရိကန် နှင့် ထိုင်ဝမ် သည် ယင်းတွေ့ဆုံမှုကို အကောင်အထည် ဖော်ခဲ့ကြသည်။

ဤသို့ ဧပြီ ၅ရက်နေ့ ၊  အမေရိကန်မြေပေါ်တွင် ရာထူးကြီး အမေရိကန် အရာရှိ တစ်ဦးအပါအဝင် အမတ်များက  ထိုင်ဝမ်ခေါင်းဆောင်ကို လက်ခံတွေ့ဆုံခဲ့သည့် ဖြစ်ရပ်ကို ခွဲထွက်ရေးသမားများနှင့် ပေါင်းစည်းမှုအဖြစ် တရုတ်ပြည်မကြီးအစိုးရက ပြစ်တင်ရှုတ်ချခဲ့သည်။

အမေရိကန် အစိုးရသည် ထိုင်ဝမ်နိုင်ငံနှင့် တရားဝင် ဆက်ဆံရေးမရှိသော်လည်း (ထိုင်ဝမ်)ကျွန်းအတွက် ခုခံကာကွယ်ရေး နည်းဗျူဟာများကို ဥပဒေအရ ပံ့ပိုးပေးနေပြီး မကြာသေးမီနှစ်များအတွင်း ထိုင်ဝမ်အစိုးရ နှင့် ဆက်ဆံရေးများကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

တစ်ဖက်တွင်လည်း ပြည်မကြီးအစိုးရ က ထိုင်ဝမ်ကျွန်းဆွယ် အပေါ်  ဖိအားပေးမှုများလည်း မြင့်တက်လာခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ ပိုင်နက်မှ ခွဲထွက်ပြည်နယ် တစ်ခုအဖြစ်သာ သတ်မှတ်ထားပြီး လိုအပ်ပါက အင်အားသုံး၍ အဆိုပါကျွန်းကို ၎င်း၏ ထိန်းချုပ်မှုအောက်တွင် ထားရှိမည်ဟု ပြောဆိုထားသည်။

ဆိုင် နှင့် တွေ့ဆုံပြီး နောက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် မက်ကာသီက “ ကျွန်တော်တို့ ထိုင်ဝမ်ကို လက်နက်ရောင်းချမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး အဲ့ဒီရောင်းချမှုတွေကိုလည်း ထိုင်ဝမ်ဆီ အချိန်မီရောက်အောင် ဆောင်ရွက်သွားပါမယ် ။ ဒုတိယအနေနဲ့ ၊ အထူးသဖြင့် ကုန်သွယ်မှုနဲ့ နည်းပညာ ကို အခြေခံပြီး ကျွန်တော်တို့ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် လုပ်ရမယ်” ဟု ဆွေးနွေးပွဲ အကြောင်းအရာ နှင့် ပတ်သက်ပြီး ယခုလို ပြောကြားခဲ့သည်။

ထို့အပြင် ထိုင်ဝမ်နှင့် အမေရိကန် ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှုသည် လွတ်လပ်သောကမ္ဘာအတွက် လေးနက်သော အရေးကြီးကိစ္စဖြစ်သည်ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

လွတ်လပ်သော ဒီမိုကရေစီရရှိရေးအတွက် ခြိမ်းခြောက်မှု ခံနေရချိန်တွင် ထိုင်ဝမ်နိုင်ငံဘက်မှ ရပ်တည်ပေးခဲ့သော အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ကျေးဇူးတင်ကြောင်း ကို “ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ ငါတို့ အားကောင်းရမယ်” ဆိုသည့် အမေရိကန် သမ္မတဟောင်း ရော်နယ်ရေဂင် ၏ ဆိုစကားတခွန်း ကိုပါ ထည့်သွင်းပြီး ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် က ဖော်ပြခဲ့သည်။

အမေရိကန်-တရုတ် ဆက်ဆံရေး ယိုယွင်းနေချိန်တွင် ထိုင်ဝမ်နိုင်ငံနှင့် ယခုလိုတွေ့ဆုံမှုသည် ယင်းနှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး စတင်ခဲ့သည့် ၁၉၇၉ ခုနှစ် အချိန်မှစပြီး လက်ရှိ ကာလအတွင်း အဆိုးရွားဆုံး အခြေအနေ ဖြစ်လာသည်ဟု လေ့လာသူ အများအပြားက ဆိုသည်။

ဤသို့တွေ့ဆုံနေစဉ် ထိုင်ဝမ် နှင့် ဟောင်ကောင်အရေး ထောက်ခံသူများသည် ထိုင်ဝမ်အလံများကို ဝှေ့ယမ်းကာ ရေဂင် စာကြည့်တိုက်အပြင်ဘက်တွင် “ထိုင်ဝမ် အားတင်းထား” အဓိပ္ပာယ် ကို ရေးသားထားသည့်  “Jiayou Taiwan” ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ကြွေးကြော်ခဲ့ကြသည်။

ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက် သည် ဆိုင် နှင့် မက်ကာသီ တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံသည့်နေရာဖြစ်ပြီး  ပြီးခဲ့သည့်အပတ်တွင် ဟတ်ဆင် အင်စတီကျူ့ သည် ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှု ဂုဏ်ပြုဆု ကို သမ္မတ ဆိုင် အား နယူးယောက်မြို့တွင် ပေးအပ်ခဲ့သည်။ 

တချိန်တည်းမှာပင် လေယာဉ်ငယ် တစ်စင်းက “တရုတ်တစ်ပြည်တည်း! ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည်” ဟု ဖော်ပြထားသည့် ၊ တရုတ်အစိုးရကို ထောက်ခံသည့် စာတန်းချိတ်ဆွဲကာ အဆိုပါ ဧရိယာအနီးမှ ပျံသန်းမှုမျိုး ရှိခဲ့သည်။

တရုတ်အစိုးရ အနေနှင့် ဆိုင် နှင့် မက်ကာသီ တွေ့ဆုံမှုကိုလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သလို အမေရိကန်အနေနှင့် ထိုင်ဝမ်၏ လွတ်လပ်ရေးကြိုးပမ်းမှု ရယူရေးအတွက် ခွဲထွက်ရေးသမားများနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ၏ ထိုင်ဝမ်ဆိုင်ရာ ကတိကဝတ်များကို ချိုးဖောက်နေကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်ဝ် နင်း က ရှုတ်ချခဲ့သည်။

“နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို ခိုင်ခိုင်မာမာ ကာကွယ်ဖို့ တရုတ်နိုင်ငံအနေနဲ့ ခိုင်မာပြီး အင်အားသုံးတဲ့ အစီအမံတွေ လုပ်ဆောင်သွားမှာပါ” ဟု မောင်ဝ်က ကြာသပတေးနေ့တွင် ပြုလုပ်သည့် ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တချိန်တည်းမှာပင် “ထိုင်ဝမ်၏ လွတ်လပ်ရေးကို ရှာဖွေသူများသည် “သူတို့၏ ခန္ဓာကိုယ်များ တစစီဖြစ်ကာ အရိုးများလည်း အမှုန့်ဖြစ်သည့် အခြေအနေမျိုး ကြုံရလိမ့်မည်” ဟု ခြိမ်းခြောက်သံပါသည့် မှတ်ချက်မျိုးကို တရုတ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနက မှတ်ချက်ပေးခဲ့သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် သီးခြား လက်တုံ့ပြန်သည့်လုပ်ရပ်မျိုးဖြင့် တိုက်ရိုက် ခြိမ်းခြောက်ခြင်းမရှိသော်လည်း တွေ့ဆုံမှုအပြီး ဧပြီ ၆ ရက်နေ့တွင် ထိုင်ဝမ်ကျွန်းဆွယ်တစ်ဝိုက်ရှိ ရေပြင်တစ်လျှောက်တွင် ၎င်းတို့၏ စစ်သင်္ဘောများကို ဖြန့်ကျက် ချထားခဲ့သည်။

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်မှ ရေကြောင်းအာဏာပိုင်များသည် စစ်သင်္ဘောများ ပါဝင်သည့် အထူးကင်းလှည့်ခြင်းနှင့် စစ်ဆေး၊ စစ်ဆင်ရေးကို  ထိုင်ဝမ်ရေလက်ကြားတွင် သုံးရက်ကြာ လုပ်ဆောင်ခဲ့သည်။ ထိုင်ဝမ်နိုင်ငံမှာမူ ယင်းလုပ်ရပ်နှင့်ပတ်သက်၍ တရုတ်အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့သော် ဆိုင်နှင့် မက်ကာသီ ၏ တွေ့ဆုံမှုအပေါ် တရုတ်အစိုးရ ၏ တုံ့ပြန်မှုများသည်  ဤမျှနှင့် မပြီးသေးပေ။ ယင်းတွေ့ဆုံမှုတွင်း သမ္မတ ဆိုင် ကို ကြိုဆိုခဲ့သည့် အမေရိကန်နိုင်ငံ အခြေစိုက် အဖွဲ့အစည်းနှစ်ခုကိုပါ တရုတ်က ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့သည်။

ဝါရှင်တန်အခြေစိုက် အကြံပေးအဖွဲ့ ဟတ်ဆင် အင်စတီကျူ့ နှင့် ကယ်လီဖိုးနီးယားရှိ ရော်နယ်ရေဂင် သမ္မတ စာကြည့်တိုက် တို့၏ အဓိကခေါင်းဆောင်များသည် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခြင်းမှ တားမြစ်ခံရမည်ဖြစ်ပြီး နိုင်ငံတွင်း အဖွဲ့အစည်းများ သို့မဟုတ် လူပုဂ္ဂိုလ်များနှင့် ဆက်ဆံခြင်း သို့မဟုတ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသည့်အပြင် နိုင်ငံအတွင်း ပိုင်ဆိုင်မှုကိုလည်း ပိတ်ပင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သောကြာနေ့တွင် ကြေညာခဲ့သည်။

ထို့နောက် အမေရိကန်ဆိုင်ရာ ထိုင်ဝမ်နိုင်ငံ သံအမတ် ရှောင်ဘီကင်မ် နှင့်၎င်း၏မိသားစုဝင်များကိုပါ ပြည်မကြီး၊ဟောင်ကောင်နှင့် မကာအိုသို့ ဝင်ရောက်ခြင်းမှတားမြစ်ကာ ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။ ဤပိတ်ဆို့အရေးယူမှုတွင် ရှောင်နှင့် သက်ဆိုင်သည့် ရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီများအနေဖြင့် ပြည်မကြီးမှ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တားမြစ်မှုလည်း ပါဝင်သည်။

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဩဂုတ်လတွင်း  ထိုင်ဝမ် သို့ ထိုစဉ်က အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သူ နန်စီပေလိုဆီ လာရောက်လည်ပတ်ပြီးနောက် တရုတ်အစိုးရထံမှ ပိတ်ဆို့အရေးယူမှု ခံခဲ့ရသည့် ရှောင်အတွက် ယခုအနေအထားသည် ဒုတိယအကြိမ်ဖြစ်ကြောင်း ၎င်း၏ လူမှုကွန်ရက် တွစ်တာအကောင့်တွင် သောကြာနေ့က ရေးသားဖော်ပြခဲ့သည်။

မက်ကာသီနှင့် တွေ့ဆုံမှုကြောင့် ဤကဲ့သို့ တရုတ်၏ ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက် သည် “အသုံးမကျသော၊ အဓိပ္ပါယ်မဲ့သော” ဟု ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီးဌာနက  သောကြာနေ့နှောင်းပိုင်းတွင် တုံ့ပြန်ခဲ့သည်။

နိုင်ငံရပ်ခြား သံတမန်ရေးဆိုင်ရာ လှုပ်ရှားမှုများကို လုပ်ဆောင်နိုင်ရေးသည် ထိုင်ဝမ်၏ အခြေခံအခွင့်အရေး ဖြစ်ကြောင်း ၊ တရုတ်အစိုးရထံမှ “အကျပ်ကိုင်ခြင်းနှင့် ဖိနှိပ်ခြင်း” သည် ထိုင်ဝမ်၏ “လွတ်လပ်မှုနှင့် ဒီမိုကရေစီအပေါ် ခိုင်မာသော စိတ်ဓာတ်” ကို မြှင့်တင်ပေးသလိုသာ ရှိနေမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၉ခုနှစ်နောက်ပိုင်း သမ္မတ ဆိုင်အင်ဝမ် ၏ ပထမဆုံးအကြိမ် အမေရိကန် တွင် ခရီးတထောက်နားရင်း မက်ကာသီ နှင့် တွေ့ဆုံမှု ကို  ပြည်မကြီးက အကြိမ်ကြိမ်သတိပေးခဲ့သည်။ သို့သော် တရုတ်အစိုးရ၏ ယခုလို တုံ့ပြန်မှုသည် ယခင် ပယ်လိုဆီ၏ ထိုင်ဝမ်ခရီးစဉ် တုန်းကထက် ပိုပြီး သဘောထားပျော့ပျောင်းဟန် ရှိနိုင်ကြောင်း နိုင်ငံရေး ကျွမ်းကျင်သူအချို့က မျှော်လင့်ထားကြသည်။

ယခုနှစ် ၊ ဖေဖော်ဝါရီလတွင် အမေရိကန်ပိုင်နက်အတွင်း ပျံဝဲလာသော တရုတ်သူလျှိုမီးပုံးပျံကို သိသိသာသာ ပစ်ချခြင်း ဖြစ်ပေါ်ခဲ့သည့်အပြင် မက်ကာသီ နှင့် ဆိုင်၏ ယခုလို တွေ့ဆုံမှုသည် တရုတ် နှင့် အမေရိကန် ဆက်ဆံရေးအကြား နောက်ထပ် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်လာနိုင်သည်ဟု ဝါရှင်တန် အခြေစိုက် တရုတ်သံရုံးမှ ကောင်စစ်ဝန် ရှုရွှယ်ယွမ် က ပြီးခဲ့သည့် သီတင်းပတ်မှာ ပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယားတွင် ယခုလို လက်ခံတွေ့ဆုံမှုသည် ထိုင်ဝမ်သို့ သွားရောက် လည်ပတ်သည့် အနေအထားထက်  ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်နိုင်ချေနည်းသော ရွေးချယ်စရာတစ်ခုအဖြစ် ရှုမြင်ထား ကြောင်း မက်ကာသီ က ပြောကြားခဲ့သည်။

သူ့အနေနှင့် လက်တလောတွင် ထိုင်ဝမ် သို့ သွားရောက်ရန် အစီအစဉ် မရှိသေးသော်လည်း ဤမှတ်ချက်သည် နောက်ပိုင်းအတွက်ပါ တထစ်ချ ယူဆလို့ မရသေးကြောင်း ၊ တရုတ်နိုင်ငံ အနေနှင့် ၎င်းကို မည်သည့်နေရာသို့ သွားသင့်ကြောင်း ၊ မည်သူနှင့် တွေ့သင့်ကြောင်း ကို ပြောဆိုပိုင်ခွင့် မရှိကြောင်း မက်ကာသီက ထပ်လောင်းပြောကြားခဲ့သည်။

ဒါလီ

ဘာသာပြန်ဆိုကောက်နုတ်ထားသည့် ဆောင်းပါးများ