တနင်္သာရီတိုင်းတွင် KNU နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲအကြိမ်ရေ တစ်ရာကျော်ဖြစ်

0
2699

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်နှင့် KNU တို့ ၂နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ၁၂၈ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU(ဗဟို)က ထုတ်ပြန်ခဲ့သည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ မြိတ်-ထားဝယ်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်များတွငဖြစ်ပွားသည့် တိုက်ပွဲအကြိမ်အရေအတွက်ဖြစ်သည်။

ဧပြီလ ၅ ရက်နေ့တွင် KNU က ထုတ်ပြန်သည့် ‘မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများကြောင့် ရှင်သန်မှု ပျောက်ဆုံးနေသော လူသားဘဝများ’ အမည်ရသည့် အစီရင်ခံစာတွင် ဖော်ပြထားခြင်းဖြစ်သည်။

စစ်တပ်က စစ်ဆင်ရေးလုပ်ရာတွင် ယခင်အခြေအနေနှင့် လက်ရှိအခြေအနေမှာ ကွာခြားမှုရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ယခင်ခေတ်ကာလက စစ်တပ်က စစ်ဆင်ရေးလုပ်ရာတွင် ကျေးရွာများအတွင်းနှင့် ပြည်သူလုပ်ကိုင်စားသောက်နေသည့် နေရာများကို စစ်စခန်းများမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း မရှိသလောက်နည်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ယခုကာလ အတောအတွင်းမှာကျတော့ ဒေသအသီးသီးမှာ အခြေစိုက်ထားတဲ့ စစ်စခန်းကနေပြီးတော့ လူထုရှိတဲ့ ကျေးရွာတွေကို ဦးတည်ချက်ရှိရှိနဲ့ ပစ်ခတ်မှုတွေက အမြဲတမ်းတွေ့နေရတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောဆိုသည်။

ယင်းအပြင် ဘာသာရေးအဆောက်အအုံများ၊ စာသင်ကျောင်းနှင့် ဆေးရုံများကိုပါ စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လာကြောင်း ၎င်းက ပြောသည်။

KNU ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်က လုပ်ဆောင်ခဲ့သည့် စစ်ဆင်ရေးအခြေအနေကို ပဒိုစောကွယ်ထူးဝင်းက နှိုင်းယှည်ပြောဆိုခဲ့ခြင်းဖြစ်သည်။

KNU က ထုတ်ပြန်သည့် အစီရင်ခံစာအရ အထက်ပါကာလအတွင်း မြိတ်-ထားဝယ်ခရိုင်ရှိ မြို့နယ်လေးခုနေပြည်သူ တစ်သောင်းနှစ်ထောင်ခန့် (၁၁၈၁၉ ဦး) နေရပ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဆိုသည်။

KNU ထိန်းချုပ်နယ်မြေတစ်ခုလုံးအနေဖြင့်မူ ပြည်သူသုံးသိန်းခြောက်သောင်းကျော် (၃၆၅၁၈၇ ဦး) နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါ စစ်ဘေးရှောင်များ၏ လုံခြုံရေးနှင့် အကာအကွယ်ပေးရေးအပိုင်းကိုမူ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လက်တွဲလုပ်ဆောင်နိုင်ရန် လိုအပ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (ဗဟို) ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးက ဆိုသည်။

“ကျွန်တော်တို့ချည်းပဲလုပ်လို့မရဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းကနေပြီးတော့ ကျွန်တော်တို့ လက်တွဲပြီးလုပ်ဖို့ လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အကန့်အသတ် အများကြီးရှိပါတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကို ခုခံတော်လှန်မှုအရှိန်မြင့်လာပြီး တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားနေသည်။

စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ၊ KNU နှင့် ကော်သူးလေတပ်မတော်တို့ ပူးပေါင်း တိုက်ခိုက်မှုများလည်း ရှိနေသည်။