စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းလိုက်သည်ဟု လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ထုတ်ပြန်

0
4095

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် သတင်းထောက်လှမ်းနေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ရှင်းလင်းခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဧပြီလ ၅ ရက်တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက် ညနေပိုင်းက လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာအနီးတွင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရှင်းလင်းခံရသော စစ်ကောင်စီတပ်သားမှာ အမှတ် (၇) အလုပ်ရုံတပ်စုမှ ကိုယ်ပိုင်အမှတ် တ-၅၃၂၇၅၂ တပ်သား စိုးပိုင်ဖြစ်‌ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၎င်းသည် ထားဝယ် မှတ်ပုံတင် ကိုင်ဆောင်ထားပြီး နေရပ်လိပ်စာမှာ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော ဓာတ်ပုံမှတ်တမ်းအရ သိရသည်။

ဖြစ်စဉ် အသေးစိတ် အခြေအနေကိုမူ ထုတ်ပြန်ထားခြင်း မရှိပေ။

ပြီးခဲ့သည့် မတ်လ ၄ ရက်မှ ၂၁ ရက်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းဖြင့် လောင်းလုံးမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

ယင်းသို့ စစ်ကြောင်းထိုးစဉ် အောက်ကျောက်ဝပ်ရွာနှင့် ညောပြင်ရွာတို့တွင် နေအိမ် တစ်ရာကျော် မီးရှို့ခံရပြီး အောက်ကျောက်ဝပ်ရွာသား ငါးဦးထက်မနည်း ပစ်သတ်ခံခဲ့ရသည်။