အလုံပိတ်ကားထဲ အသက်ရှူမဝ အစာရေစာငတ်ပြတ်နေသော ရိုဟင်ဂျာ ၉ဝနီးပါး ထိုင်းတောင်ပိုင်းတွင်တွေ့

0
2212

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် ပစ်ကပ်ကားအတွင်း အပူဒဏ်ကြောင့် ဒုက္ခရောက်နေကြပြီး အစာရေစာ ငတ်ပြတ်နေသော ရိုဟင်ဂျာ ၉၀ နီးပါးကို ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့များက ကယ်တင်နိုင်ခဲ့ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကလေးများအပါအဝင် ရိုဟင်ဂျာ ၈၉ ဦးသည် အလုံပိတ်ထားသည့် ပစ်ကပ်ကား သုံးစီးဖြင့် တရားမဝင် ဝင်ရောက်လာစဉ် ချွန်ဖော်ခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

၎င်းတို့ကို ပစ်ကပ်ကားသုံးစီး၏ အနောက်ဘက်တွင် အလူမီနီယံပြားများဖြင့် အလုံပိတ်ထားသော အခန်းထဲတွင် ပြည့်ကျပ်စွာ ထည့်သွင်း တင်ဆောင်လာခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ထို့ကြောင့် လေဝင်လေထွက်မကောင်းဘဲ အပူချိန်များပြားမှုကြောင့် အများစုမှာ အသက်ရှူမဝ ဖြစ်နေကြပြီး သတိမေ့မြောနေသူများလည်းရှိကြောင်းသည်ဟုဆိုသည်။

၎င်းတို့အားလုံးသည် အစားအသောက် မစားရသည်မှာ ၂ ရက်ရှိနေပြီဖြစ်သဖြင့် အစာရေစာလည်း ငတ်ပြတ်နေကြကြောင်း သတင်းများတွင် ဖော်ပြသည်။

အများစုက အဝတ်အစားများမလဲ ရေမချိုးထားသည်မှာ ရက်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး အမြင်အာရုံ ထိုင်းမှိုင်းမှုလည်း ခံစားနေကြရပြီဖြစ်ကြောင်း ဆိုသည်။

၎င်းတို့အားလုံးသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာ ဒုက္ခသည် စခန်းများက လာရောက်ကြသူများဖြစ် ကြသည်ဟု ဘာသာပြန်များမှ တစ်ဆင့် ပြောကြားကြောင်း သတင်းများတွင် ဖော်ပြသည်။

၎င်းတို့သည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။

ခရီးတစ်လျှောက်လုံးကို အချိန် ၂ ပတ်မှ ၂ လကြာသည်အထိ တစ်နေရာမှ တစ်နေရာသို့ လှေဖြင့်လည်းကောင်း၊ တောင်များပေါ်သို့ ခြေလျင်လျှောက်ကြ၍လည်းကောင်း လာရောက်ခဲ့ကြရကြောင်း ဖော်ပြထားသည်။

ရိုဟင်ဂျာများသည် ထိုခရီးစဉ်အတွက် စုစုပေါင်းကုန်ကျငွေ တစ်ဦးလျှင် ကျပ် သိန်း ၁၀၀ ခန့် (ဘတ် ၁၂၀၀၀၀ ခန့်) အထိရှိနေပြီး အချို့မှာ အကျေပေးချေထားပြီးဖြစ်ကာ အချို့မှာ ထက်ဝက်ပေးချေထားပြီးဖြစ်ပြီး ပွဲစားများကလည်း မဲဆောက်ကို ရောက်သည်နှင့် ငွေပေးရန် တောင်းယူထားခဲ့ကြောင်း ဖော်ပြသည်။

အဆိုပါငွေများကို ပေးချေရန် ၎င်းတို့မိဘများက ပိုင်ဆိုင်ရာမြေများကို ရောင်းချခဲ့ရပြီး အချို့မှာ မလေးရှားက ဆွေမျိုးများထံမှ ရရှိထားခဲ့ကြောင်း ရေးသားထားသည်။

ရိုဟင်ဂျာများနှင့်အတူ ဖမ်းမိသည့် ထိုင်းနိုင်ငံသား ကားသမား လေးဦးကို နိုင်ငံခြားသားများကို တရားမဝင် ပို့ဆောင်ရာတွင် ပါဝင်ကူညီပေးမှုများဖြင့် အရေးယူထားပြီး ရိုဟင်ဂျာများကို ဥပဒေအရဆက်လက်ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Khaosod Online, MGR Online