စစ်ကောင်စီက သင်္ကြန်ပွဲကျင်းပရန် ရပ်ကွက်အချို့တွင် ရေကစားမဏ္ဍပ်များ ဆောက်လုပ်

0
2290
ဓာတ်ပုံ-ဗဟိုသင်္ကြန်မဏ္ဍပ်။

စစ်ကောင်စီက ယခုနှစ်အတာသင်္ကြန်အား မြိတ်မြို့တွင် စည်ကားစွာကျင်းပရန် စီစဉ်မှုများပြုလုပ်နေပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် မတ်လကုန်ခန့်မှစကာ သင်္ကြန်ရေကစားမဏ္ဍပ်များ စတင်ဆောက်လုပ်နေကြောင်း တွေ့ရသည်။

စစ်ကောင်စီက ယခုနှစ်သင်္ကြန်ပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် အစည်းအဝေးတစ်ခုကို မတ်လ ၁၀ ရက်နေ့က မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။

ယင်းနောက် စစ်ကောင်စီက အတာသင်္ကြန်ပွဲအတွက် ဦးမြတ်လေးပန်းခြံ၌ ဗဟိုသင်္ကြန်မဏ္ဍပ်တစ်ခု စတင်ဆောက်လုပ်နေကြောင်း မြို့ခံအချို့က ဆိုသည်။

ယင်းအပြင် လုပ်ငန်းရှင်တစ်ဦးက ကန်ဖျားမြေနီလမ်းတွင် မဏ္ဍပ်ကြီး(ဦးစောဂျက်မဏ္ဍပ်)တစ်ခုနှင့် ရပ်ကွက်အချို့တို့တွင် သင်္ကြန်ရေကစားမဏ္ဍပ်အချို့ ဆောက်လုပ်နေကြောင်း သိရသည်။

“လောလောဆယ် ရပ်ကွက်ဘက်ကရော စစ်ကောင်စီနဲ့ ခရိုနီမဏ္ဍပ်ပေါင်းရင် ငါးခုလောက် ဆောက်ထားတာတွေ့တယ်” ဟု ကလွင်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

လတ်တလောတွင် ရေပုန်းရပ်ကွက်၊ မြိတ်တောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအရှေ့၊ မြိတ်တောင်နယ်မြေအတွင်းရှိ ရပ်ကွက်အချို့၊ ကန်ဖျားရပ်ကွက်တို့တွင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်နေကြောင်း ရေပုန်းရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောပြသည်။

“ရေပုန်းက မဏ္ဍပ်ကျတော့ မဏ္ဍပ်အကြီးထဲပါတယ်၊ ဗဟိုမဏ္ဍပ်ထက်တော့ငယ်တာပေါ့၊ လူတွေက သင်္ကြန်မှာ မပျော်ရတာကြာတော့ ပျော်ကြပါးကြမယ်ထင်တယ်” ဟု ရေပုန်းရပ်ကွက်နေသူက ပြောသည်။

ထို့ပြင် စစ်ကောင်စီက သင်္ကြန်ပွဲတော်အား ကျင်းပမည်ဖြစ်သည့်အတွက် ရပ်ကွက်တိုင်းတွင် သင်္ကြန်ရေကစားမဏ္ဍပ်တို့အား ဆောက်လုပ်ရန် စီစဉ်‌နေကြောင်း ရပ်/ကျေး အုပ်စု အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

“ရပ်ကွက်တိုင်းမှာ သင်္ကြန်ရေကစားမဏ္ဍပ်တွေ ဆောက်ရမယ်လို့ ကြားရတယ်ဗျ၊ သင်္ကြန်နီးရင် မဏ္ဍပ်တွေပေါ်လာမယ်ထင်တယ်၊ အခုဆောက်နေတာတွေက နည်းသေးတယ်” ဟု ၎င်းက ဆိုသည်။

ရပ်ကွက်အသီးသီးတို့တွင် ဆောက်လုပ်မည့် မဏ္ဍပ်များအတွက် သက်ဆိုင်ရာရပ်ကွက်နေသူတို့ထံမှ အလှူငွေများ ကောက်ယူမှုများရှိနေကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

“မဏ္ဍပ်အတွက် စေတနာပေါက်လှူဒါန်းနိုင်တယ်ဆိုပြီး ကောက်ခံနေကြတယ်” ဟု မြို့ပေါ်ရပ်ကွက်တစ်ခုမှ အမျိုးသားတစ်ဦးက ပြောသည်။

ကိုဗစ်နိုင်တီးကူးစက်မှု စတင်ဖြစ်ပေါ်ခဲ့သည့် ၂၀၂၀ ခုနှစ်မှစပြီး သုံးနှစ်တိုင် သင်္ကြန်ပွဲတော် မကျင်းပခဲ့ဖြစ်ကြောင်း မြို့ခံတချို့က ပြောပြသည်။

“သင်္ကြန်မှာ ပျော်ပါးချင်ပေမယ့်၊ လမ်းမထွက်ရဲဘူး၊ ဗုံးပေါက်တာတွေ၊ ဘာတွေ မဖြစ်ဘူးလို့ ပြောလို့မရဘူး၊ အချောင်သက်သက်နဲ့ အသက်ပါသွားနိုင်တယ်” ဟု တပ်ပြင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

တော်လှန်ရေးကာလ ဖြစ်သဖြင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ သင်္ကြန်ပွဲတော်တွင် ပါဝင်ခြင်းမပြုရန်နှင့် တော်လှန်ရေးအတွက် အသက်ပေးသွားသူများ၊ အသက်စွန့်ဆောင်ရွက်နေသူများကို စာနာသည့်အနေဖြင့် ပျော်ပွဲရွှင်ပွဲများကို မကျင်းပကြရန် တော်လှန်ရေးတွင် ပါဝင်နေသူများက မေတ္တာရပ်ခံထားသည်။