သရက်ချောင်း သိမ်ကုန်းကျေးရွာအနီးတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ

0
2514

သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ ပြောသည်။

ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ကားဖြစ်ပြီး ကားပေါ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ ဇနီးများ လိုက်ပါလာသည်ဆိုသည့် သတင်းအရ ဧပြီလ ၃ရက်က တားဆီးစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ဆေးပြီးနောက် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကိုမူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း‌ PDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“သတင်းပေးပို့ချက်အရတော့ ဒလန်တွေ၊ ပျူတွေနဲ့ ပတ်သက်တယ်ဆိုပြောတယ်။ အတိအကျ မသိရသေးဘူး” အထက်ပါတာဝန်ရှိသူက ဆိုသည်။

ဖမ်းဆီးထားသူ အမျိုးသမီးကြီးမှာ အသက် ၅၀ ကျော်မှ ၇၀ ခန့်အရွယ်များအထိ ပါဝင်ပြီး အမျိုးသားမှာလည်း အသက် ၅၀ ကျော်အရွယ်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဖမ်းဆီးထားသူများမှာ ဒလန်၊ ပျူစောထီးတို့နှင့် ပက်သက်သူများ ဟုတ်မဟုတ် စစ်ဆေးမည်ဖြစ်ပြီး စစ်ဆေး ပေါ်ပေါက်မှုအပေါ်မူတည်ကာ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို တာဝန်ရှိသူအသီးသီးက ဆုံးဖြတ်မည် ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါဖမ်းဆီးခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဧပြီလ ၄ရက် ညနေပိုင်းတွင် စစ်ကောင်စီတပ်က ဝဲရစ်၊ သိမ်ကုန်းရွာများဖက်ကို စစ်ကြောင်းဆင်းလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်မှုခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ဒီနေ့ မနက်လည်း ၉ နာရီမထိုးခင်မှာ လက်နက်ကြီးနဲ့ ပစ်သေးတယ်။ လက်နက်ငယ်တွေလည်း ပစ်တယ်။ ရွာသားတွေ အတော်များများ ထွက်ပြေးသူ ထွက်ပြေးကုန်ကြပြီ” ဟု ရငဲကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အနီးပတ်ဝန်းကျင်ကျေးရွာအချို့မှ ဒေသခံများ ဧပြီလ ၃ရက် ညနေပိုင်းကပင် စတင်တိမ်းရှောင်ကြပြီး ယနေ့လည်း တိမ်းရှောင်သူများရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။