ပုလော ရှပ်ပုံရွာသားခုနစ်ဦး ဖမ်းဆီးခံရ

0
2961

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာက ဒေသခံအမျိုးသား ခုနစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ဧပြီလ ၃ ရက်နေ့တွင် ရှပ်ပုံကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်များအတွင်းသို့ ဝင်ရောက်ရှာဖွေ မေးမြန်းကြောင်း ၎င်းတို့က ပြောသည်။

ယင်းနေ့ နံနက် ၈ နာရီခွဲတွင် ရော်ဘာချက်နေသည့် အမျိုးသား ငါးဦးနှင် နောက်ထပ်လူငယ်နှစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။

“လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတယ်။ ဆိုင်ကယ်က ရှစ်စီးပါသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မတ်လ ၂၉ရက်က ပုလောရဲစခန်းနှင့် ပုလောတံတားစစ်ဆေးရေးဂိတ်တို့ ဒရုန်းဖြင့် ဗုံးသီးနှစ်ကြိမ်ချ တိုက်ခိုက် ခံရပြီးနောက် ပုလောမြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးရှာဖွေလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ ရွာတွင် ရိုးသားစွာနေထိုင်ပြီး ရော်ဘာချက်သည့် အလုပ်လုပ်ကိုင်နေကြသူများသာဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရေချို (ရပ်ကွက်) ဖက်က သမီးယောက်ဖ လူငယ်နှစ်ဦးလည်း အဖမ်းခံရတယ်ကြားတယ်။ အားလုံးပေါင်း ခုနှစ်ယောက်ရှိတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၄ရက်တွင် လက္ကူးကျေးရွာအုပ်စု၊ မှော်ကြောင်းရွာသို့ ရောက်ရှိနေပြီး ယင်းကျေးရွာနေ အမျိုးသား၊ အမျိုးသမီး ၁၅၀ နီးပါးကိုလည်း ခေါ်ယူမေးမြန်းစစ်ဆေးခြင်းများပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီက ပုလောနှင့် တနင်္သာရီမြို့နယ်တို့အား ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်းများလည်း ဆက်တိုက် လုပ်ဆောင်လာနေ သည်။