ခြေချိုးခံရတဲ့ တောင်ပိုင်းသားများ

0
2567

ဆိုင်ကယ်ဆိုသည်မှာ တနင်္သာရီတိုင်းသားများအတွက် ခြေထောက်ပင်ဖြစ်သည်။ တောင်ပိုင်းသားများမှာ ဆိုင်ကယ်အားပြု သွားလာနေကြရခြင်းဖြစ်သည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့်ပိတ်ခြင်း၊ ကန့်သတ်ချက်များဖြင့် စီးနင်းခွင့်ပြုခြင်း၊ မထင်ရင်မထင်သလို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးခြင်း၊ ဆိုင်ကယ် ၂ ယောက်အတူစီးလာသဖြင့် ပစ်ခတ်ခြင်း စသည်တို့ကြောင့်  တောင်ပိုင်းသားများမှာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်ဆိုပါက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ထားသည်မှာ ၂ လကျော်လာပြီဖြစ်သည်။

အချို့ဒေသများတွင် ဆိုင်ကယ်စီးနင်းခွင့်ပြုသော်လည်း ၂ ယောက်တွဲစီးခွင့် မပြုဆိုသောကန့်သတ်ချက်များ၊ မထင်ရင် မထင်သလို ပစ်ခတ်ဖမ်းဆီးမှုများကြောင့်  အများစုမှာ ဆိုင်ကယ်မစီးရဲကြတော့ဘဲ စက်ဘီးပြောင်းစီးလာကြရသည်။

ဆိုင်ကယ်မောင်းပြေးသည့်အတွက်ဆိုကာ ပစ်ခတ်သဖြင့် အရပ်သားပြည်သူ သေဆုံးမှုများလည်း မကြာမကြာ ဖြစ်ပေါ်နေသည်။

ယင်းအခြေအနေများကို သိရှိနိုင်ရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“ဆိုင်ကယ်တွေဆိုရင် ဘေးတွဲတွေ ဆင်လိုက်ရတယ်”

ကံပေါက်ဒေသခံ ပစ္စည်းပို့သမား

(ရေဖြူမြို့နယ် ကံပေါက်ဒေသမှာ ယခုနှစ်ဇန်နဝါရီလကုန်ပိုင်းမှစကာ ဆိုင်ကယ်စီးခွင့် ကန့်သတ်ခံထားရသည်)

DW ။ ကံပေါက်ဒေသမှာ ဆိုင်ကယ်စီးခွင့်ပိတ်ထားတာ ဘယ်လောက်ကြာပြီလဲ။

ဖြေ ။ အခုဆိုရင် နှစ်လကျော်နေပြီ။ ဇန်နဝါရီလကုန်ခါနီးလောက်ကတည်းကဆိုတော့လေ။ အခုထိပဲ။ ဆိုင်ကယ်စီးလို့မရတာ။ သူများတွေဖက်မှာ ယောင်္ကျားနှစ်ယောက်မစီးရဘူး ဆိုတာပဲရှိပေမဲ့ ဒီမှာကတော့ ဘယ်သူမှစီးလို့မရဘူး။ ဘေးတွဲတွေ၊ စက်ဘီးတွေသုံးနေရတယ်။

DW ။ ပစ္စည်းပို့သမားတစ်ဦးအနေနဲ့ဆိုရင် ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ ဘယ်လိုအခက်အခဲရှိလဲဆိုတော့ အရင်က ဆိုင်ကယ်နဲ့သွားနေတဲ့နေရာမှာ စက်ဘီးဖြစ်သွားတယ်။ တစ်ခါတစ်လေကျတော့ သုံးဘီးငှားပြီးသွားရတာမျိုးရှိတယ်။ အရင်လိုတော့ အဆင်မပြေတော့ဘူး။ အရင်တုန်းကဆိုရင် ရွာထဲမှာတောင် ဆိုင်ကယ်နဲ့သွားတာလေ။ အခုက ရွာထဲမှာပဲဆိုရင်တော့ စက်ဘီးနဲ့သွားတယ်။ သူများရွာအထိဆိုရင်တော့ သုံးဘီးငှားသွားရတယ်။ စက်ဘီးဝယ်ရတာတွေ၊ သုံးဘီးငှားရတာတွေ အဲဒါတွေရှိလာတယ်။ သုံးဘီးငှားရတယ်ဆိုရင် ပို့ခလည်း ဈေးနည်းနည်းကြီးသွားတာ မျိုးတော့ရှိတယ်။ စက်ဘီးဆိုရင် အခုဆို တစ်သိန်းကျော်တွေဖြစ်ကုန်ပြီ။ အနိမ့်ဆုံးတစ်သိန်းပဲ။ အရင်တုန်းက ခု‌‌နစ်သောင်း၊ ရှစ်သောင်းတန်တွေ။

DW ။ ဆိုင်ကယ်စီးခွင့် ကန့်သတ်ခံရတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ ။ ဒီမှာကတော့ ထုံးစံလိုမျိုးဖြစ်သွားပြီ။ ဆိုင်ကယ်တွေဆိုရင် ဘေးတွဲတွေ ဆင်လိုက်ရတယ်။ စက်ဘီးတွေဝယ်ကြရတယ်။ ပိုက်ဆံတွေ ပိုကုန်ကြတာပေါ့။ အဲလိုမှမလုပ်ရင်လည်း အလုပ်သွား၊ အလုပ်ပြန်လို့ အဆင်မပြေဘူးလေ။ ရော်ဘာခြစ်တဲ့သူတွေဆိုလည်း အဲလိုပဲ။ အရင်က ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် အဆင်ပြေနေတာကို အခုဆို ဘေးတွဲတွေဆင်နေရတယ်။ ပြီးတော့တစ်ခုရှိတာက ဘယ်အချိန်အထိ ဒီလိုပိတ်ထားမယ်ဆိုတာမသိဘူး။ လူတွေက အဲဒါတော်တော်သိချင်နေကြတယ်။ ဘယ်လိုဥပဒေနဲ့ ပိတ်ထားမှန်းလည်းမသိဘူး။ ကျွန်တော်တို့ဖြစ်စေချင်တာက ဘယ်လကနေ ဘယ်လအထိ ပိတ်တယ် အဲလိုမျိုးတိတိကျကျသိချင်တာ။ အခုက ဘယ်လိုမျိုး သဘောလဲတော့မသိဘူး။

DW ။ အခြားသူတွေမှာရော ဘယ်လိုအခက်အခဲတွေရှိလဲ။ ဘေးတွဲဆင်မနိုင်တာမျိုးတွေရှိလား။

ဖြေ ။ အဲလိုမျိူးတော့မသိဘူး။ ဘေးတွဲဆင်နေကြတာပဲ။ ဘေးတွဲဆင်တာကလည်း လေးငါးသိန်းလောက် ကုန်တယ်ပြောတယ်။ နောက်ပိုင်းဈေးကြီးလို့လားမသိဘူး ဘေးတွဲဆင်တာမရှိတော့သလိုပဲ။ အခုဆိုရင် ဘယ်လိုလုပ်နေကြလဲဆိုရင် ဆိုင်ကယ်အနောက်မှာ ခြင်းတွေတင်ပြီးသွားနေကြတယ်။ (ဆိုင်ကယ်အနောက်ခုံကိုခွလျှက်တပ်ဆင်ထားသည့် နှစ်ခွခြင်း။ ခြင်းတစ်လုံးအရွယ်အစားမှာ တင်းတောင်းတစ်လုံးအရွယ်ခန့်ရှိသဖြင့် ရုတ်တရက်ကြည့်လိုက်လျှင် တင်းတောင်းနှစ်လုံးကို ခွတင်ပြီးသွားနေသည်နှင့် ဆင်တူသည်။) ခြင်းပြည်ကိုရောက်နေတယ်ဆိုပြီးတောင် ဟာသပြောနေကြသေးတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဖြစ်နိုင်မယ်ဆိုရင်တော့ ဆိုင်ကယ်စီးတာ ပြန်ပြီးခွင့်ပြုပေးတာလိုချင်တယ်။ အခုက ကိုယ်မှာ အခက်အခဲဖြစ်နေတာတွေကို ပြောခွင့်မရှိဘူး။ အဲလိုမျိုးဖြစ်နေတယ်။ ပိတ်ထားတာလည်း ကြာပြီဆိုတော့ ပြန်ပြီးစီးခွင့်ပြုလို့ ရနေပြီပေါ့နော်။ မရ‌ရင်လည်း ဘယ်ဥပဒေအရ မရဘူးဆိုတာမျိုး ပြောစေချင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“ဒီခေတ်မှာက ဆိုက်ကယ်တွေ တအားဖမ်းလာတယ်၊ တိုက်ဖမ်းတယ်၊ ပစ်ဖမ်းတယ်”

မြိတ်မြို့နေ အသက် ၃၀ နှစ်ရှိ ပန်းရံလုပ်သားအမျိုးသားတစ်ဦး။

DW ။ စက်ဘီးစီးပြီး အလုပ်သွားနေတာလို့ သိရတယ်။ ဆိုင်ကယ်ရှိလျက်နဲ့ စက်ဘီးနဲ့ ဘာကြောင့် အလုပ်သွားရတာလဲ။

ဖြေ ။ ဆိုင်ကယ်က အဖမ်းအဆီးများတယ်‌လေ၊ အခုဆိုရင် နံပါတ်ပြားက ကညနထုတ်မဟုတ်ရင် ဖမ်းတော့မယ်လို့ကြားရတယ်။ အတိအကျဆိုရင် နှစ်ယောက်စီး(အမျိုးသားနှစ်ဦး)ဖမ်းပြီးကတည်းကနေ ဆိုင်ကယ်မစီးပဲ၊ စက်ဘီးပြောင်းစီးလိုက်တယ်လို့ ပြောလို့ရတယ်။

DW ။ စကစက သတ်မှတ်ထားတဲ့ အမျိုးသားနှစ်ဦး အတူမစီးရပေါ့၊ ဘယ်လိုကြောင့် စက်ဘီးပြောင်းစီးတာလဲ၊ တစ်ယောက်တည်းစီးလို့ရတာကို။

ဖြေ ။ မနက်စောစောအလုပ်သွားရင် အသိတစ်ယောက်ပါတယ်။ အလုပ်ထဲက ခင်တဲ့သူငယ်ချင်းပေါ့၊ ယောင်္ကျားနှစ်ယောက်စီးပြီး မောင်းပြီး သွားတာပေါ့၊ စောစောစီးစီးပဲ တစ်ခါဖမ်းမိဖူးတယ်၊ ကြေးပြား(ပိုက်ဆံ)တစ်သိန်းခွဲကုန်ပြီးမှ ဆိုင်ကယ်ပြန်ရတာ၊ နောက်ပြီး ဖမ်းရင် ကားနဲ့တိုက်ဖမ်းတာတွေ၊ သေနတ်ပစ်ပြီး ဖမ်းတာ‌တွေ ကြားလာရတာဆိုတော့လေ၊ တချို့ဆို ဆိုင်ကယ်လိုင်စင်မရှိလို့ မထုတ်ပေးဘူးတဲ့၊ ဒီလိုတွေကြားလာရတော့ သူငယ်ချင်းနှစ်ယောက်လုံး ပေါင်းပြီး စက်ဘီးတစ်စီးဝယ်ပြီး အလုပ်ထဲအတူသွားဖြစ်တော့တာပဲ၊ တစ်ယောက်တစ်လှည့် နင်းပြီးပေါ့။

DW ။ စက်ဘီးစီးပြီး အလုပ်သွားတာဆိုတော့ ယာဉ်အန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဘာတွေကြုံရတာမျိုး ရှိမလဲ။

ဖြေ ။ မြိတ်က သိတဲ့အတိုင်းပဲ၊ ဆိုင်ကယ်တွေ ပလူပျံနေတာ၊ လမ်းဖြတ်ကူးရင်တောင် မလွယ်ဘူး၊ တော်တော်ကြည့်ပြီးမှ ကူးရတာ၊ လမ်းကူးရင်းနဲ့ မသာပေါ်(သေ)သွားတဲ့သူလည်း ရှိတာပဲ၊ စက်ဘီးက ဆိုင်ကယ်လို မမြန်တော့ လမ်းဘေးကပ်ပြီး ဖြည်းဖြည်းစီးရတယ်၊ ဆိုင်ကယ်တွေကြားထဲ စီးရတာမလွယ်ဘူးဗျ၊ အတော်သတိထားရတာ၊ သတိထားရင်းနဲ့ တစ်ခါ အလုပ်ကအပြန် ညဘက်ကြီး ဆိုင်ကယ်က ဝင်လာတိုက်တာ၊ လူရောစက်ဘီးရောလဲတာပဲ၊ နည်းနည်းပါးပါး နာသွားတယ်၊ ဆိုင်ကယ်စီးတဲ့သူက တိုက်လည်းတိုက်သေးတယ်၊ အော်လည်းအော်သွားသေးတယ်၊ စက်ဘီးစီးမတတ်ဘူးလားတဲ့၊ တိုက်တာက မှောင်တဲ့နေရာမှာဆိုတော့ စက်ဘီးကမီးမရှိတော့ တိုက်မိတဲ့သဘောပါ။

DW ။ အလုပ်ထဲသွားတော့ရော အချိန်မီရောက်ရဲ့လား။

ဖြေ ။ အချိန်မီရောက်အောင် အစကတည်းက ဆိုင်ကယ်နဲ့သွားကတည်းက မနက်စောစောထပြီးမှ သွားတတ်တာဆိုတော့၊ အလုပ်မနောက်ကျပါဘူး၊ မိနစ်နှစ်ဆယ်လောက်နင်းသွာရင်း အလုပ်ထဲရောက်တယ်။

DW ။ ဒီလို ဆိုင်ကယ်ကနေ စက်ဘီးပြောင်းစီးရတဲ့အကြောင်းအရင်းက စကစရဲ့ အမိန့်ကြောင့်လို့ ပြောလို့ရတာပေါ့၊ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ မပြောရဲဘူးဗျ။

DW ။ ဟုတ်၊ ကိုယ့်အမြင်က အခြားသူတွေရဲ့အမြင်တွေနဲ့ ကိုက်ညီမှုရှိနိုင်မယ်လို့ ထင်ပါတယ်၊ ကိုယ်မြင်တဲ့ အမြင်လေးတစ်ခုလောက် ရင်ဖွင့်ပေးလို့ ရမလားဗျ။

ဖြေ ။ ဒီခေတ်မှာက ဆိုက်ကယ်တွေ တအားဖမ်းလာတယ်၊ တိုက်ဖမ်းတယ်၊ ပစ်ဖမ်းတယ်၊ ဘယ်ခေတ်မှာမှ မကြားဖူးတာ၊ လိုင်စင်မရှိရင် သိမ်းခံထိတယ်၊ ဆိုတော့ကာ သူ့တို့ခေတ်မှာ သူတို့သဘောပေါ့နော်၊ ဒါလောက်ပါပဲ။

“ဆိုင်ကယ်စီးရတာကို ကြောက်လာကြတာပေါ့နော်”

ထားဝယ်ဒေသခံ အရောင်းဝန်ထမ်းတစ်ဦး

DW ။ အာဏာမသိမ်းခင်က အလုပ်ကိုဘာနဲ့သွားလဲ။ အခုရောဘာနဲ့သွားတာလဲ အဲဒါလေး အရင်ဆုံးပြောပြပေးပါ။

ဖြေ ။ အရင်ကတော့(အာဏာမသိမ်းခင်က) ဆိုင်ကယ်နဲ့သွားတယ်။ အိမ်က မောင်ကိုလိုက်ပို့ခိုင်းတာ။ သူမအားရင် တက္ကစီနဲ့သွားတယ်။ အခုက‌တော့ စက်ဘီးနဲ့သွားတယ်။ အခုဆို လေးငါးခြောက်လလောက်ရှိပြီ။ စက်ဘီးနဲ့သွားနေတာ။

DW ။ ဘာဖြစ်လို့ စက်ဘီးဖြစ်သွားတာလဲ။

ဖြေ ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကယ်‌ပျောက်မှာစိုးလို့။ တစ်နေ့လုံးဆိုင်ဘေးက လမ်းမှာရပ်ထားရတာဆိုတော့ စိတ်မချလို့မစီးဖြစ်တာလည်းပါတယ်။ အခုကလည်း ဆိုင်ကယ်အခိုးခံနေရတာက အမြဲတမ်းလိုလိုဖြစ်နေတယ်။ စက်ဘီးနဲ့ကျတော့ ဆီဖိုးလည်းသက်သာတယ်လေ။ ဆီငါးထောင်ဆိုတာက ဘာမှမရဘူးလေ။ ဆိုင်နဲ့အသွားအပြန်ကိုတောင်မှ တစ်ပတ်ငါးထောင်ဖိုးနဲ့မရဘူးလေ။ ပိုက်ဆံနည်းနည်းပါးပါး ပိုထွက်လာအောင်ဆိုပြီး စက်ဘီးစီးပြီးသွားနေတာ။

DW ။ စက်ဘီးဝယ်တော့ ပိုက်ဆံကုန်တာပဲလေ။ အတူတူပဲမဟုတ်ဘူးလား။

ဖြေ ။ စက်ဘီးက ဝယ်ထားတာမဟုတ်ဘူး။ ပြန်ပြင်ထားတာ။ မစီးတာကြာပြီ။ အဲဒါအခုပြန်ပြင်ပြီးစီးနေတာ။ သူများတွေလည်း အဲလိုပဲ။ စက်ဘီးလေးနဲ့ဖြစ်သွားပြီ။ အလုပ်သွား၊ အလုပ်ပြန်။

DW ။ ဆိုင်ကယ်ကိုကျတော့ရော အိမ်မှာပဲထားထားတာလား။

ဖြေ ။ အစတုန်းကတော့ နယ်ကနေ ထားဝယ်တက်လာရင်ဆိုင်ကယ်နဲ့ပဲ။ ဟိုတလောက ဆိုင်ကယ်တွေ တစ်အားဖမ်းတယ်မလား။ အဲဒီကတည်းက အိမ်က ဆိုင်ကယ်နဲ့မသွားခိုင်းတော့ဘူး။ အိမ်ဆင်းရင်လည်း ကားနဲ့။ တက်လာရင်လည်းကားနဲ့ပဲ။ ဆိုင်ကယ်ကိုက အိမ်မှာပဲထားထားတယ်။ စီးမဲ့သူလည်း မရှိဘူးဆိုတော့။ အမေကလည်း မစီးတတ်ဘူး။ ရွာပြန်ရောက်ရင်တော့ ကျွန်မစီးတာပေါ့။

DW ။ ဆိုင်ကယ်အစား စက်ဘီးပြောင်းစီးတော့ ဘယ်လိုအခက်အခဲတွေရှိလဲ။

ဖြေ ။ အခက်အခဲကတော့ရှိတယ်။ အိမ်ကနေ ပစ္စည်းတစ်ခုခု မှာလိုက်တယ်ဆိုရင် စက်ဘီးနဲ့သွားလို့မရတော့ဘူး။ အဲဒီအခါကျရင် သူများဆီမှာလိုက်ငှားနေရတယ်။ ကျွန်မနဲ့အလုပ်အတူတူလုပ်တဲ့ သူတွေကလည်း ကျွန်မလိုမျိုးပဲ။ သူတို့မှာလည်း ဆိုင်ကယ်မရှိကြဘူး။ မယူလာကြဘူး။ စက်ဘီးနဲ့ပဲ အဲလိုမျိုးသွားကြတယ်။ ဆိုင်မှာက မိန်းကလေးက လေးငါးယောက်ဆိုတော့ ဆိုင်ကယ်ကတစ်စီးပဲရှိတယ်။ အဲဒီအခါ ငှားရတာ တစ်ခါနှစ်ခါ ဖြစ်လာပြီဆို အားနာရတာပေါ့နော်။ တစ်ခါတလေလည်း တက္ကစီငှားပြီးသွားရတာပေါ့နော်။

DW ။ ကိုယ့်ဆိုင်ကယ်ကိုယ်ပြန်ယူပြီးသုံးမယ်ဆိုရင်ရော။ ဘယ်လိုအခက်အခဲရှိမလဲ။

ဖြေ ။ အဲလိုမျိုးတော့ရတော့ရတယ်ပေါ့နော်။ ဒါပေမဲ့ ဟိုစာရွက်လိုတာနဲ့၊ ဒီစာရွက်လိုတာနဲ့။ ဟိုတစ်လောတုန်းကတောင် ၁၉၁ တံဆိပ်ကပ်ရမယ်တို့။ စည်ပင်မှာ ဘီးခွန်မဆောင်ရင် မရဘူး‌တို့ မျိူးစုံဖြစ်နေတာလေ။ —- တံတားဖြတ်မယ်ဆိုရင် ဆင်းတွန်းနေရတာက ရှိသေးတယ်။ အိမ်ကလည်း စိတ်မချဘူးဆိုင်ကယ်နဲ့ဆိုရင်။ ဒီမှာတောင်( မြို့ပေါ်ကသူတွေတောင်) ဆိုင်ကယ်ကို အိမ်ထဲမှာဝှက်ထားကြတာတွေတောင်ရှိသေးတာ။

DW ။ ဘာလို့ဝှက်ထားကြတာလဲ။

ဖြေ ။ (စာရွက်စာတမ်းအထောက်အထား) မပြည့်စုံလို့ပေါ့။ အခုတော့ နည်းနည်းစီးနေကြပြီ။ အရင်တုန်းကလောက် မဖမ်းတော့ဘူးဆိုတော့လေ။ စဖမ်းတုန်းကဆိုရင် တော်တော်များတယ်။ မစီးဘဲထားထားကြတာ။ နယ်ကသူတွေလည်း အတူတူပဲ။ ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် မြို့မလာရဲကြတော့ဘူး။ သုံးဘီးတွေ စီးလုံးဖြတ်ငှားပြီးပဲလာကြတယ်။ အရင်တုန်းကဆိုရင် ကိုယ့်ဆိုင်ကယ်နဲ့ကိုယ်သွားနေကြသူတွေ။

DW ။ ဆိုင်ကယ်အစား စက်ဘီးပြောင်းစီးလာကြရတာ။ နယ်ကလူတွေ မြို့ကိုဆိုင်ကယ်နဲ့မလာရဲတာ။ အဲလိုဖြစ်နေတဲ့အပေါ် စိတ်ထဲဘယ်လိုခံစားရလဲ။

ဖြေ ။ ဒီမှာက ဆိုင်ကယ်နဲ့ပတ်သက်ပြီး စည်းကမ်းတွေထုတ်ထားတာရှိတယ်လေ။ ‌ယောင်္ကျားလေးဆိုရင် နှစ်ယောက်စီးလို့မရဘူးတို့။ ဘီးခွန်ဆိုလဲ ဘီးခွန် အဲလိုမျိူး ( အထောက်အထား) ပြည့်စုံမှ စီးရတာဆိုတော့ ဆိုင်ကယ်စီးရတာ ကြောက်လာကြတာပေါ့နော်။ ဂိတ်တွေမှာကလည်း ဆိုင်ကယ်ဆိုရင် ပိုစစ်တယ်။ သုံးဘီးနဲ့ဆို သိပ်ဂရုမစိုက်ဘူးသူတို့က။ အဲကြောင့်ဖြစ်မယ်လို့ထင်တယ်။

DW ။ ကျေးဇူးတင်ပါတယ်။