လောင်းလုံးမြို့ပေါ်တွင် ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးနေဟုဆို

0
2428

လောင်းလုံးမြို့ပေါ်တွင် ဧပြီလဆန်းပိုင်းအတွင်း ပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးဖမ်းဆီးနေသဖြင့် တိမ်းရှောင်နေကြရသူများ ရှိလာကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၃၁ ရက်က လောင်းလုံးမြို့ပေါ်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားတိုးရောက်ရှိလာပြီးနောက် ဖမ်းဆီးစစ်ဆေးမှု များပြားနေခြင်းဖြစ်သည်ဟုဆိုသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားနေဆဲ NLD ပါတီဝင်များနှင့် သာမန်အရပ်သားများ၊ CDM ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။

“သူတို့မှာ စာရင်းရှိပြီးသားပုံစံဖြစ်မယ်။ အိမ်တွေကို ဝင်ဝိုင်းပြီးတော့ ဖမ်းတာ။ အဖမ်းခံရသူက ကျွန်တော်သိတာတောင် တစ်ဆယ်ကျော်လောက်ရှိတယ်။ ကျွန်တော်မသိသေးတာလည်း ရှိသေးတယ်” ဟု တိမ်းရှောင်နေရသည့် မြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် အင်အားဖြည့်တင်းလာသည့်နေ့မှစပြီး နေ့ရောညပါ နေအိမ်များကို ဝင်ရောက်ရှာဖွေနေသဖြင့် ထွက်ပြေးတိမ်းရှောင်နေရသည့် မြို့ခံအချို့ရှိလာကြောင်း ၎င်းက ဆိုသည်။

ယနေ့အချိန်အထိ ဖမ်းဆီးနေဆဲဖြစ်သောကြောင့် အဖမ်းခံရသူများ၏ စာရင်းတိတိကျကျမေးမြန်းနိုင်ရန် ခက်ခဲလျှက်ရှိသည်။

ယခင်က လောင်းလုံးမြို့ပေါ်တွင် စစ်ဆေးဖမ်းဆီးမှုများရှိသော်လည်း ယခုကဲ့သို့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခြင်းမျိုး မရှိခဲ့ကြောင်း မြို့ခံအချို့က ‌ပြောသည်။

“အခုက စီမံချက်ချပြီး ဖမ်းနေတာဆိုတော့ပိုဆိုးတယ်” ဟု တိမ်းရှောင်နေရသည့် CDM ဝန်ထမ်းတစ်ဦးကဆိုသည်။

ယခုတစ်ကြိမ်တွင်မူ မတ်လ ၃၁ ရက်မှ ဧပြီလ ၃ ရက်အထိ ပိုက်စိပ်တိုက် ဆက်တိုက်ရှာဖွေဖမ်းဆီးနေပြီး နောက်ထပ်လည်း ဖမ်းဆီးမည့်အခြေအနေရှိသေးကြောင်း မြို့ခံအချို့က ခန့်မှန်းနေကြသည်။

ယခင်က ကျေးရွာများတွင် အဓိကလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့သည် ၂၀၂၂ ခုနှစ်နှောင်းပိုင်းနှင့် ၂၀၂၃ ခုနှစ် အစပိုင်းတွင် မြို့ပေါ်အထိ လာရောက်ပြီး ပစ်ခတ်မှုများ လုပ်ဆောင်လာခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလက လောင်းလုံးမြို့နယ် တာဝန်ခံပညာရေးမှူး တစ်ဦးပစ်ခတ်ခံခဲ့ရသည်။

၂၀၂၃ ခုနှစ်အတွင်း မြို့နယ်သစ်တောရုံးတစ်ရုံး မီးရှို့ခံရပြီး မြို့ပေါ်နေ စစ်ကောင်စီသတင်းပေးဟုဆိုသူ၊ ပြည်သူ့စစ် ခေါ် ပျူစောထီးအဖွဲ့ဝင်၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့လည်း မကြာခဏ ပစ်ခတ်ခံနေရပြီး သေဆုံးသူများလည်း ရှိသည်။

ယင်းအပြင် အကြမ်းမဖက်သပိတ်အင်အားစုဘက်ကလည်း မြို့ပေါ်အထိ သွားရောက်ဆန္ဒထုတ်ဖော်ခြင်းတို့ နောက်ပိုင်းတွင် လုပ်ဆောင်လာသည်။

ယင်းသို့မြို့ပေါ်တွင် သွားရောက်ဆန္ဒထုတ်ဖော်ရာတွင် သေနတ်ပစ်ဖောက်ခြိမ်းခြောက်ခံရသည်များလည်း ရှိသည်။