မြိတ်-ဘုတ်ပြင်းလမ်း ပိတ်ထားလိုက်ပြီ ပြည်သူ့ကာကွယ်ရေးတပ် အရေးပေါ်ထုတ်ပြန်

0
2364
ပုံစာ - ဘုတ်ပြင်း ပြည်ထောင်စုလမ်းတနေရာ

မြိတ်-ဘုတ်ပြင်း ပြည်ထောင်စုလမ်းအား ယနေ့ ဧပြီ ၃ ရက်တွင် ပိတ်ထားလိုက်ပြီဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ အရေးပေါ်ထုတ်ပြန်လိုက်သည်။

တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းကို ပိတ်လိုက်ပြီးနောက် သုံးရက်အကြာတွင် မြိတ်-ဘုတ်ပြင်း လမ်းကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

မြိတ်မြို့နယ်၊ ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊ မနိုးရုံးကျေးရွာအထိ ယာဉ်များ အသုံးပြုသွားလာခြင်း မပြုကြရန် တားမြစ်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ပြည်ထောင်စုလမ်းပေါ်တွင် တိုက်ပွဲများအချိန်မရွေးဖြစ်လာနိုင်သည့်အတွက် ပြည်သူလူထုထိခိုက်မှု မရှိအောင် တားမြစ်ခြင်းဖြစ်သည်ဟုဆိုသည်။

တားမြစ်ချက်ကို လိုက်နာပေးကြရန် ပြောဆိုထားပြီး ယခုတားမြစ်ချက်မှာ ကြေညာချက်ကို ပြန်လည် မရုတ်သိမ်းမီအချိန်အထိ အတည်ဖြစ်ကြောင်းလည်း ရေးသားထားသည်။

တနင်္သာရီမြို့နယ်ရှိ ထုံခါ-မောတောင်ကုန်သွယ်ရေးလမ်းပေါ်တွင် နေ့စဉ်နှင့်အမျှ နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၃၁ ရက်တွင် ယင်းလမ်းပိုင်းအား သွားလာခွင့် ပိတ်ပင်ခဲ့သည်။

မောတောင်လမ်းပိုင်းတွင် နှစ်ဖက်တိုက်ပွဲဖြစ်နေရာမှ လက်ရှိတွင် စစ်နယ်ကျယ်လာပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်း ပြည်ထောင်စုလမ်းကိုပါ ယနေ့ ပိတ်လိုက်ခြင်းဖြစ်သည်။

မြိတ်မှ တနင်္သာရီသို့သွားလျှင် လမ်းခုလပ်၌ ကျေးနန်းတိုင်တံတားအားကျော်ဖြတ်ပြီး တနင်္သာရီမြို့သို့ရောက်သည်။
တနင်္သာရီမှ ပြည်ထောင်စုလမ်းအတိုင်းသွားလျှင် မောတောင်လမ်းခွဲသို့ ရောက်သည်။

မောတောင်လမ်းခွဲသို့ မဝင်ဘဲ ပြည်ထောင်စုလမ်းအတိုင်း တောင်ဖက်သို့ဆက်သွားလျှင် ဘုတ်ပြင်းနှင့် ကော့သောင်းမြို့သို့ ရောက်သည်။

ဧပြီလ ၁ ရက်နေ့ ညက ရန်ကုန်မှ ကော့သောင်းသို့ သွားသည့် ခရီးသည်တင်ကားကို တနင်္သာရီမြို့နယ် လယ်တောင်ရွာအနီး ပြည်ထောင်စုလမ်းတွင် ပြည်သူ့ကာကွယ်ရေးတပ်က မှားယွင်းပစ်ခတ်မိသဖြင့် ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို သံဃာတော် နှစ်ပါးနှင့် ခရီးသည် နှစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

မြိတ်မှ ဘုတ်ပြင်း၊ ကော့သောင်းသို့ နေ့စဉ်ခရီးသည်တင်ကားနှင့် ကုန်ကား အစီးရေ ၁၀၀ ခန့်သွားလာနေကြောင်း ကားသမာများထံမှ သိရသည်။

လက်ရှိတွင် မြိတ်မှ ဘုတ်ပြင်း၊ ကော့သောင်းသို့ ရောက်ရှိနေသည့်ကားများ မနက်ဖြန် မြိတ်သို့ ပြန်လာရန် ရှိနေကြောင်း ဘုတ်ပြင်းရောက်နေသည့် ကားသမားတစ်ဦးက ပြောသည်။

“လမ်းပိတ်ထားလည်း ပြန်မှပဲ ရမှာမို့ ကျွန်တော်တို့ ကားတွေဝိုင်းစုပြီး မနက်ဖြန်ပြန်ဖို့လုပ်နေတယ်။ ဒီလိုပဲ သတင်းလေသံ နားထောင်ပြီးပြန်ရမှာပဲ” ဟု မြိတ်-ကော့သောင်း ခရီးသည်တင်ကားသမားတစ်ဦးက ပြောဆိုသည်။

ယင်းကားလမ်းကို ရေရှည်ပိတ်ထားလျှင် ပြည်သူများ စားဝတ်နေရေး ကျပ်တည်းသွားနိုင်ကြောင်း ကားသမားတချို့က မှတ်ချက်ပေးသည်။

တိုက်ပွဲများ နေ့စဉ်ဖြစ်နေခြင်းနှင့် သင်္ကြန်တွင်းကာလကြောင့် ယာဉ်လိုင်းအချို့ ယာယီရပ်နားရန် စီစဉ်နေသည်ဟုလည်း သတင်းများထွက်ပေါ်နေကြောင်း ကားသမားများက ဆိုသည်။