တံတားဖွင့်ပွဲ တစ်ခု၏ အဖိုးအခ – မီးခိုးများ၊ ပြာများ၊ သွေးညှီနံ့များ

0
2735

ထားဝယ်မြို့တွင် အလှဓာတ်ပုံရိုက်စရာနောက်ထပ် နေရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် သွေးညှီနံ့များ၊ ပြိုကွဲသွားသော မိသားစု အဆောက်အဦများ၊ တောတောင်အတွင်း ထွက်ပြေးခဲ့ရသော လောင်းလုံးဒေသခံများ၏ ဒဏ်သင့်ခြေရာများ၊ ကျမျက်ရည်များ ရှိနေသည်။

စစ်အုပ်ချုပ်ရေး နယ်မြေမဟုတ်သော လောင်းလုံးသို့ ကုန်းလမ်းရေလမ်းမှ ညှပ်ပြီး စစ်ကြောင်းထိုးလာသည်။ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်နေဆဲ လောင်းလုံး၊ အခါမရပ် ရှင်းလင်းသတ်ဖြတ်မှုများ ရှိတတ်သော လောင်းလုံး၊ မတ်လဆန်းတွင် မထင်မှတ်သော ရောင်စုံဖြစ်စဉ်များကို ဆောင်ကြဉ်းလာသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ပုလောနှင့် တနင်္သာရီမြို့နယ် နှစ်ခုကို စစ်အုပ်ချုပ်ရေးကြေညာထားပြီး လောင်းလုံးမြို့နယ် မပါဝင်ပါ။ သို့သော် လောင်းလုံးမြို့နယ်ကို မတ်လ ဆန်းမှ စတင်၍ ဆက်တိုက်စစ်ကြောင်းထိုးလာပြီး ရွာပေါင်း ၆ ရွာမှ နေအိမ်များမီးရှို့ခံရသည်။ ဒေသခံအချို့ သတ်ဖြတ်ခံလိုက်ရသည်။

လောင်းလုံးဒေသခံများ၏ နေအိမ် ၁၅၃ လုံးထက်မနည်းမီးရှို့ခံရပြီး အိမ်အလုံးရေ ဆယ်ချီဖျက်ဆီးခံရသည်။ ထို့အပြင် ဒေသခံ ၈ ဦးထက်မနည်း ပစ်ခတ်ခံရပြီး ၆ ဦးသေဆုံးခဲ့သည်။

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးပစ်ခတ်ခြင်းကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ ဒေသခံ သုံးထောင်ခန့် နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကာလနောက်ပိုင်း နေအိမ်စွန့်ခွာထွက်ပြေးရသူလည်း အများအပြားရှိခဲ့သည်။

စစ်ကောင်စီတပ်များ လောင်းလုံးမြို့နယ်တကြော စစ်ကြောင်းထိုးရာတွင် စစ်သင်္ဘောအသုံးပြုပြီး ရေလမ်းမှ ဝင်ရောက်သည့်ဗျူဟာကို အဓိက အသုံးပြုသွားခဲ့သည်။

စစ်သင်္ဘောဖြင့်လာပြီးမှ တစ်ရွာဝင် တစ်ရွာထွက်ပုံစံဖြင့် စစ်ကြောင်းထိုးသွားခြင်းဖြစ်သည်။

စစ်ကြောင်းထိုး၊ မီးရှို့သတ်ဖြတ်ရခြင်း အကြောင်းရင်းကို တိတိကျကျ မသိရသော်လည်း ယင်းတို့မှာ ထားဝယ်မြစ်ကူး တံတားဖွင့်ပွဲ တစ်ခုမတိုင်မီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့်ပင် တံတားဖွင့်ပွဲတွင် စစ်ကောင်စီ ထပ်သီးခေါင်းဆောင်တို့ တက်ရောက်မည်ဖြစ်သဖြင့် ထိုသို့ စစ်ကြောင်းထိုး ရှင်းလင်းခြင်းဖြစ်ကြောင်း ဒေသခံတို့က ယူဆခဲ့ကြသည်။

ထားဝယ်မြစ်ကူး တံတား ဖွင့်ပွဲကို ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် ကျင်းပခဲ့သည်။ ထားဝယ်ရိုးရာရေအိုးရွက် အကသည်များဖြင့် ခြံရံတက်ဆက်ထားသော ယင်းဖွင့်ပွဲတွင် စစ်ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို တိုက်ပုံအဖြူ၊ ပုဆိုးဖြင့် မြင်တွေ့ရသည်။ အခြား အရပ်ဘက် စစ်ကောင်စီ အဖွဲ့ဝင်နှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

တံတားဖွင့်ပွဲပြီးနောက်တစ်ရက်ကား တပ်မတော်နေ့ ဖြစ်သည်။

တံတားဖွင့်ပွဲဖြင့် ‘တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တည်ဆောက်ဖွင့်လှစ်နိုင်၊ ထိုကြောင့် ဝမ်းမြောက်ဂုဏ်ယူရကြောင်း’ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကဆိုသည်။

တပ်မတော်နေ့အကြို တံတားဖွင့်ပွဲမတိုင်မီ သုံးပတ်ကျော်အတွင်း ဖြစ်ပွားခဲ့သော လောင်းလုံး မတ်လ ရက်စွဲများတွင် သွေးစွန်းသော အသက်ခန္ဓာများ၊ မီးခိုးနှင့် ပြာမှုံများဖြစ်သွားသော အိုးအိမ်စည်းစိမ်များက မှတ်တမ်းအဖြစ် ကျန်ရစ်ခဲ့သည်။

အဖြူရောင် သံဘောင်ဖြင့် လှတပတ တန်ဆာဆင်ထားသော တံတားအသစ်သည် ထားဝယ်မြို့တွင် အလှဓာတ်ပုံရိုက်စရာနောက်ထပ် နေရာတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်သည်။ သို့သော် အခြားတစ်ဖက်တွင် သွေးညှီနံ့များ၊ ပြိုကွဲသွားသော မိသားစု အဆောက်အဦများ၊ တောတောင်အတွင်း ထွက်ပြေးခဲ့ရသော လောင်းလုံးဒေသခံများ၏ ဒဏ်သင့်ခြေရာများ၊ ကျမျက်ရည်များ ရှိနေသည်။

မီးခိုးများ၊ ပြာများ၊ သွေးများဖြင့် လောင်းလုံးမတ်လ ရက်စွဲများကို ဖော်ပြပါ ပုံကားချပ်တွင် မြင်နိုင်ပါသည်။