ရေဖြူလမ်းပိုင်းတွင် စစ်တပ်က လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွား

0
2284

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင် ယနေ့(မတ် ၂၉) မွန်းလွဲပိုင်းက ကလိန်အောင်ဘက်မှ ဖြတ်လာသော စစ်ယာဉ်တန်းက လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟု ဒေသခံများထံမှသိရသည်။

ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ရေဖြူမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကားများ ညင်းထွေးရွာနှင့် ဇီးကျရွာကြား ဖြတ်သန်းစဉ် ပေါက်ကွဲပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ကားပေါ်က ပစ်ခတ်သွားတယ်ထင်တာပဲ လက်နက်ကြီးကတစ်ချက် လက်နက်ငယ်သံတွေ ကမနည်းဘူး “ဟု ၎င်းကပြောသည်။

အဆိုပါစစ်ယာဉ်တန်း ဖြတ်သွားပြီးနောက် ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် နှစ်နေရာခန့်မီးလောင်ပြီး ကျန်ခဲ့သည်ဟုဆိုသည်။

ကျောက်ကညာ-ညင်ထွေး လမ်းပိုင်းတစ်နေရာနှင့် ညင်းထွေး-ဇီးကျ လမ်းပိုင်းတစ်နေရာ မီးလောင်ကျန်ခဲ့ခြင်းဖြစ်သည်။

မီးလောင်ရခြင်းမှာ ယာဉ်တန်းဖြတ်သန်းသွားစဉ် ဗုံးပစ်ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။

“ပထမ အသံ အကျယ်ကြီးကြားတယ်။ နောက်မှ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတာ”ဟု ၎င်းကပြောသည်။

ပထမ အကျယ်ကြီးကြားသည့်အသံကို ဒေသခံအများစုက စစ်ကောင်စီယာဉ်တန်းပေါ်က ဗုံးပစ်ချခဲ့သည်ဟုဆိုသည်။

အဆိုပါပစ်ခတ်မှုများ ထွက်ပေါ်လာပြီးနောက် ဒေသခံအချို့မှာ ရှောင်ပုန်းတိမ်းရှောင်နေကြရသည်ဟု ၎င်းတို့ထံမှသိရသည်။

” ကျွန်မတို့က အသံကြားတာနဲ့ ဘာဖြစ်မှန်းမသိဘူးဆိုတော့ အိမ်တံခါးတွေပိတ်ပြီး နေရတယ်”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ယာဉ်တန်းပေါ်က ယနေ့ သေနတ်ပစ်ခတ်သွားသောနေရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ၂၈ နံနက်ပိုင်းက စစ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ယခုကဲ့သို့သေနတ်ဖြင့်ပစ်ကာ ကားအရှိန်ဖြင့်မောင်းသွားခြင်းကြောင့် အသက် ၂၀ ကျော်အရွယ် ဇီးကျရွာသူအမျိုးသမီး တစ်ဦး စစ်ကားဖြင့် ကြိတ်မိပြီး သေဆုံးခဲ့သည်။

ယခုရက်ပိုင်းအတွင်း အဆိုပါကျေးရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်က သေနတ်ပစ်၍ ကင်းလှည့်ခြင်းများ ညစဉ်‌နီးပါးပြုလုပ်လျက်ရှိနေသည်ဟု ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့် နှစ်ရက်သုံးရက်ခန့်ကစပြီး ဇီးကျ၊ညင်းထွေး ကျေးရွာတစ်ဝိုက်တွင် ညဖက် သေနတ်ပစ်ခတ်သံများ နေ့တိုင်းနီးပါးကြားလာရသည့်အတွက် ဒေသခံများဥယျာဉ်ခြံထဲမသွားရဲတော့ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“အခုဆို သုံးရက်ရှိပြီး ခြံထဲမဝင်ရဲတာ ဒီနေ့ဆို မနက် ငါးနာရီအထိ ပစ်ပြီးသွားနေတုန်း “ဟု ၎င်းကပြောသည်။

အဆိုပါပစ်ခတ်မှုကိုစစ်ကောင်စီတပ်သားများ ကင်းလှည့်သွားရင်း ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ရေဖြူ-ထားဝယ် လမ်းပိုင်းသည် စစ်ကောင်စီတပ်များ မကြာခဏဆိုသလို ခြုံခို ပစ်ခတ် တိုက်ခိုက်ခြင်းခံရလေ့ရှိသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မနက်ပိုင်းကလည်း ရေဖြူမြို့နယ်ရှိ ကလိန်အောင်-ထားဝယ် လမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်ရှပ်ကျေးရွာအနီးတွင် ထားဝယ်ဘက်မှလာသော စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကလိန်အောင် အခြေစိုက် PDF အဖွဲ့ တစ်ဖွဲ့ကထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုကို ကလိန်အောင်အခြေစိုက် PDF တပ်ဖွဲ့များဖြစ်သည့် Spring Dhamma PDF တပ်ဖွဲ့နှင့် ရွှေဘီလုံး PDF အဖွဲ့တို့ ပူးပေါင်းတိုက်လိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။