ငါးဖမ်းရာသီပိတ်သိမ်း၊ ကမ်းဝေးလှေများ ကမ်းကပ်လာကြပြီ

0
2400
ပုံစာ - ငါးဖမ်းရာသီပိတ်သိမ်းသည့်အတွက် မြိတ်ဆိပ်ကမ်းသို့ ဝင်ရောက်လာကြသည့် ကမ်းဝေးငါးဖမ်းလှေများ(ပုံဟောင်း)

ငါးဖမ်းရာသီ ပိတ်သိမ်းပြီဖြစ်သဖြင့် ယနေ့ မတ်လ ၂၉ ရက်နေ့မှစတင်ပြီး ကမ်းဝေးငါးဖမ်းလှေများ မြိတ်မြို့ဆိပ်ကမ်း အသီးသီးသို့ ရောက်ရှိလာကြပြီဖြစ်ကြောင်း ရေလုပ်သားများနှင့် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

ဧပြီလ ၁ ရက်နေ့မှစတင်ပြီး ငါးဖမ်းရာသီ သုံးလပိတ်ပြီဖြစ်သည်အတွက် ယနေ့မှစတင်ပြီး မတ်လ ၃၁ ရက် နောက်ဆုံးထားကာ ကမ်းဝေးငါးဖမ်းလှေအားလုံး ကမ်းသို့ ပြန်လည်ဝင်ရောက်ရတော့မည်ဖြစ်ကြောင်း
တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။

“ငါးဖမ်းရာသီကတော့ ပိတ်လိုက်ပြီ။ ဒီနေ့ကစပြီး ဝင်လာကြပြီ။ လကုန်နောက်ဆုံးထားပြီးတော့ပေါ့။ အားလုံးပြန်ဝင်ကြရမယ်” ဟု ၎င်းက ပြောဆိုသည်။

ငါးလုပ်ငန်းရှင်များက ငါးဖမ်းရာသီကို ဧပြီလ တစ်လထပ်တိုးပေးရန် တောင်းဆိုခဲ့သော်လည်း စစ်ကောင်စီဘက်က ယင်းတောင်းဆိုချက်အား ခွင့်ပြုပေးခြင်း မရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း ငါးမဖမ်းရရာသီကို ဧပြီ၊ မေ၊ ဇွန် သုံးလသတ်မှတ်ခဲ့သည်။

သို့သော် လုပ်ငန်းရှင်များက ၎င်းတို့၏အခက်အခဲများကိုတင်ပြပြီး ဧပြီလတစ်လထပ်တိုးပေးရန်တောင်းဆိုမှုအပေါ် ရာသီအလိုက်လုပ်ကိုင်ရသော အင်္ဂလန်ကျား၊ ကင်းမွန်ဖမ်းသည့်လုပ်ငန်း၊ ဝိုင်းချုပ်(ဝါတန်း) စသည့်လှေများကို ငါးဖမ်းခွင့် တစ်လတိုးပေးခဲ့သည်။

တိုးပေးရာတွင် ဒရွတ်ဆွဲပိုက်၊ ဘုံကျောင်းကျားပိုက်၊ စိမ်ပိုက်၊ ငါးမျှားတန်း၊ မြုံးလှေများ မပါဝင်ခဲ့ကေ။

 “ကမ်းဝေးလှေတွေရော ကင်းမွန် (ကမ်းဝေး) လှေတွေပါ ဒီလကုန် အကုန်ပိတ်တယ်” ဟု တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောသည်။

၂၀၂၂ ခုနှစ် ငါးဖမ်းရာသီအစတွင် စက်သုံးဆီဈေးနှုန်းအဆမတန်ကြီးမြင့်သောကြောင့် ငါးဖမ်းလှေထက်ဝက်ခန့်မှာ လအနည်းငယ်ကြာ ရပ်နားခဲ့ကြပြီးနောက် စက်သုံးဆီဈေး ပြန်ကျချိန်တွင် ပြန်ထွက်ဖမ်းခဲ့ကြရသည်။

“ဆီဈေးတွေတက်တော့ ၅ စီးရှိတဲ့လူ သုံးစီးနားတယ်၊ နှစ်စီးထွက်တယ်။ ဈေးနည်းနည်းပြန်ကျတော့ အားလုံးလိုလိုပဲ ပြန်ထွက်ကြတယ်ပေါ့။ ဒါပေမဲ့ ဟိုရှေ့နှစ်တွေကလို တွက်ခြေမကိုက်ဘူး” ဟု ကမ်းဝေးငါးဖမ်းလှေလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံတွင် အများဆုံးဖြစ်ကာ ရန်ကုန်၊ ဧရာဝတီ၊ မွန်နှင့် ရခိုင်ပြည် စသည့် ပြည်နယ်နှင့် တိုင်းလေးခုတွင် ကမ်းဝေးငါးဖမ်းလှေ ၁၇၀၀ ခန့်သာရှိကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းအရသိရသည်။

ကမ်းဝေးငါးဖမ်းလှေ တစ်စီးလျှင် အနည်းဆုံး ရေလုပ်သား ၁၅ ဦးမှ ၄၀ ဦးအထိ လုပ်ကိုင်နေကြကြောင်း ငါးလုပ်ငန်းရှင် များထံမှသိရသည်။

၂၀၂၁ -၂၀၂၂ ခုနှစ်ငါးဖမ်းရာသီတွင် ရေလုပ်သားတစ်ဦး၏ လစာမှာ စားစရိတ်ငြိမ်း နှစ်သိန်းမှ နှစ်သိန်းခွဲအထိရှိခဲ့ပြီး ၂၀၂၂ – ၂၀၂၃ ခုနှစ်တွင် နှစ်သိန်းခွဲမှ သုံးသိန်းအထိ ရရှိခဲ့သည်ဟု လုပ်ငန်းရှင်များနှင့် ရေလုပ်သားများထံမှ သိရသည်။