ရေဖြူ ကျေးလက်ဖွံ့ဖြိုးရေးဌာန လက်ထောက်ကြီးကြပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
2296

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးလွင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အသက် ၄၇ နှစ်အရွယ် ဦးအေးလွင်သည် ‌ရေဖြူမြို့နယ် ကျောက်ကညှာကျေးရွာနေထိုင်သူဖြစ်ပြီး ကျေးလက်ဌာနတွင် လက်ထောက်ကြီးကြပ်ရေးမှူး (တွင်းတူး) တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

“သူကအရင်တုန်းက ယာဉ်မောင်း။ ရာထူးတိုးသွားတော့ လက်ထောက်ကြီးကြပ်ရေးမှူးဖြစ်လာတာပေါ့” ဟု ၎င်းကဆိုသည်။

မတ်လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျောက်ကညှာကျေးရွာရှိ ဆွေမျိုးဖြစ်သူ၏ နာရေးပို့ဆောင်ပြီး အပြန်တွင် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦးက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။

ပစ်ခတ်ခံရသဖြင့် ဒဏ်ရာရှိသွားသည့် ဦးအေးလွင်အား ရေဖြူဆေးရုံသို့တင်ပို့ခဲ့ပြီး ယင်းမှတစ်ဆင့် ထားဝယ်ဆေးရုံသို့ တင်ပို့စဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးအေးလွင်သည် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး မိတ်ဆွေစစ်မှုထမ်းဟောင်းများ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အတူသွားလာလေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အမည်မသိ ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဦးအေးလွင်အား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မပတ်သတ်ရန် သတိပေးခဲ့ဖူးသည့်အပြင် ယမန်နှစ်က သေနတ်ဖြင့်လည်းပစ်ခတ်ခံရဖူးကြောင်း ‌၎င်းဒေသခံကပြောသည်။

“သူက စစ်မှုထမ်းဟောင်းဆိုတော့ သူ့နဲ့ရင်းနှီးရာရင်းနှီးကြောင်းတွေနဲ့ သွားလာတာတွေ ရှိတာပေါ့နော်။ အဲဒါကို အမြင်မတော်တဲ့သူတွေက သတိပေးတာတွေ ရှိတယ်။ ဒါပေမဲ့ သူက ရင်းနှီးတဲ့သူနဲ့တွေ့ရင် သွားမြဲသွားနေတာ။ လွန်ခဲ့တစ်နှစ်ကတော့ သေနတ်နဲ့ ပစ်ခံရသေးတယ်။ အဲဒီတုန်းကတော့ ကျည်မထွက်လို့ ဘာမှမဖြစ်သွားဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးအေးလွင်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသော်လည်း မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကြောင်း သီခြားအတည်မပြုနိုင်သေးပေ။

မတ်လ ၂၅ ရက်ကလည်း ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လုံခြုံရေးဝန်ထမ်းတစ်ဦး ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့သည်။