လောင်းလုံးမြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

0
2372

လောင်းလုံးမြို့ပေါ်တွင် မတ်လ ၂၇ ညနေပိုင်းက စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၆၁ နှစ်အရွယ် ဦးနေလွင်ဦးဖြစ်ပြီး (က) ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သည်။

မတ်လ ၂၇ရက် ညနေ ၄နာရီခွဲဝန်းကျင်တွင် (က) ရပ်ကွက်၊ မိတ်ဆက်လမ်းတွင် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူက အဲဒီလမ်းထဲမှာ ထန်းရည် လာသောက်လေ့ရှိတယ်။ ပစ်သံက ခြောက်ချက်လောက်ရှိမယ်” ဟု ၎င်းက ပြောဆိုသည်။

ဘယ်ဖက် ချိုင်းအောက် သေနတ်ဒဏ်ရာတစ်ချက်နှင့် ဘယ်ဖက်နားထင် ကျဉ်ဖောက်ဝင် ဒဏ်ရာများရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးကို မည်သူ့တို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို မသိရသေးပေ။

အလောင်းကို အရေးပေါ်ကားဖြင့် ထားဝယ်သို့ သယ်ဆောင်သွားပြီးနောက် ယင်းနေ့ ညနေပိုင်းတွင်ပင် နေအိမ်သို့ ပြန်လည်သယ်ယူလာခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။