အမှောင်ထဲမှ မင်းသားများ ၁၉၉၀

0
3170

Princes in The Darkness 1990s

အခန်း(၂၇)

“မဟုတ်သေးဘူး..ကိုနေဝင်း..ကျွန်တော်တို့လည်း ဘာမှ မသိရသေးဘူး”

“စီးပွားရေးလောကမှာတော့ မင်းတို့အဘိုးကြီး စလုံးမှာ ဆုံးတဲ့ သတင်းက ပြန့်နေပြီ….သူ့နေရာကို ဝင်ယူဖို့ ပြင်ဆင်တဲ့သူတောင် ပြင်ဆင်နေကြပြီ”

“ကျွန်တော် ပြန်ပြောပေးမယ်..အကို”

ဗေဒါက ဖုန်းချလိုက်သည်။

ထို့နောက် လောရှည်ထံ ဖုန်းခေါ်လိုက်၏။ လောရှည်ကလည်း ထိုသတင်းကို ကြားပြီးပြီဖြစ်သည်။

ဗေဒါက အဝတ်အစားလဲကာ ယောမင်းကြီးလမ်းအိမ်သို့ ထွက်လာခဲ့၏။

ထိုအိမ်တွင် မစ္စတာလု၏ သမီးကြီးဝင်ဒီ တော့ ကျန်ရစ်သည်။

ယောမင်းကြီးလမ်းအိမ်သို့ရောက်သည့်အခါ ဝင်ဒီကလည်း ထိုကိစ္စကို မသိသေး။

ဗေဒါကပဲ လောရှည်ရော၊ အခြားမိသားစုလူယုံများကိုပါ ဆင့်ခေါ်လိုက်ရတော့သည်။

ဝင်ဒီက သူ့ဖခင်ထံ ဖုန်းဆက်ပေး၏။

မကြာမီ ဗေဒါ၏ဖုန်းသို့ မစ္စတာလုထံမှ ဖုန်းဝင်လာသည်။

“ဗေဒါ…ငါတို့လည်း ဒီကိစ္စသိပြီးပြီ..ဒီကောလဟလကို လွှင့်တာ..စစ်ထောက်လှမ်းရေးကပဲ… တိုင်းမှူးအသိုင်းအဝိုင်းကတောင် အပါးကြီးတကယ်ဆုံးပြီထင်နေကြပြီ…ငါတို့က ဒီမှာ ဖုန်းတွေအားလုံးကို ခြေရာဖျောက်ထားတော့ သူတို့လည်း ဆက်သွယ်လို့မရဘူးဖြစ်နေပုံပဲ..ထောက်လှမ်းရေးက ဘာလို့ အဲ့ဒီလို သတင်းလွှင့်ရတာလဲ..မင်းစုံစမ်းပေး”

ဗေဒါက သူ့အသိထောက်လှမ်းရေးများထဲမှ မည်သူ့ကို ဖုန်းခေါ်ရမည်လဲကို အရင်စဉ်းစားကြည့်လိုက်သည်။

အနီးကပ်ဆုံးသတင်းများကိုသိပြီး ထောက်လှမ်းရေးတပ်ဖွဲ့ဝင်မဟုတ်သူက တစ်ဦီးသာရှိ၏။

ရီတာ။

ဗေဒါ ဖုန်းခေါ်သည့်အခါ ရီတာက ချက်ချင်းပင် ဖုန်းကိုင်သည်။

“ဟေ့..ကိုဗေဒါ..ရှင် ဆက်လာမယ်ဆိုတာ ကျွန်မသိတယ်”

“ဟုတ်တယ်..ရီတာ..ဒီသတင်းတွေက ကကလှမ်းကနေ ပြန့်လာတာဆို”

“ဟုတ်တယ်…ဗိုလ်ချုပ်တွေအသိုင်းအဝိုင်းနဲ့ စီးပွားရေးအသိုင်းအဝိုင်းကို တိုက်ရိုက်ဖြန့်တာပဲ”

“ဘာကြောင့်ဖြန့်တာလဲဆိုတာ..ရီတာ ပြောပြနိုင်မလား…. ရီတာအတွက် ကျွန်တော်တို့ဘက်က ဘာမဆို ပြန်လုပ်ပေးနိုင်ပါတယ်”

တဖက်က ရီတာက သဘောတကျရယ်လိုက်သည်။

“ရှင့် ကတိ တစ်ခုပေးပါ..ဘယ်လိုအခြေအနေဖြစ်လာဖြစ်လာ..ကျွန်မ နဲ့ ကျွန်မဗိုလ်ချုပ်ရဲ့ အကျိုးစီးပွားကို ရှင်တို့ အာမခံရမယ်”

“ပြောမှာသာ..ပြောပါ..မရီတာ”

“အခုချိန်မှာ ရှင်တို့ရဲ့ အဘိုးကြီးမရှိတော့ဘူးဆိုတာနဲ့..မြောက်ပိုင်းလက်နက်ကိုင်အင်အားစုတွေကြားထဲ သေချာပေါက်လှုပ်လှုပ်ရွရွဖြစ်လာမယ်..ပြီးတော့..ရှင်တို့အဘိုးကြီးဟ လက်နက်ကိုင်အင်အားစုတွေနဲ့ စီးပွားရေးသမားတွေကြားက ပေါင်းကူးတံတားကြီးမဟုတ်လား..ဒါကြောင့်လည်း နိုင်ငံတော်အကြီးအကဲတွေက သူ့ကို အရေးပေးကြတာလေ…အခုထောက်လှမ်းရေးက…အဲ့ဒီပေါင်းကူးတံတားကြီးပြိုပြီဆိုပြီး…ရှင်တို့ရဲ့ စီးပွားရေးတွေအားလုံးကို ဝရမ်းထုတ်ပြီး ဝင်ဖြိုမယ့်အကြံ..ဒီအကြံအစည်က ထောက်လှမ်းရေး (၃) ကနေ လာတာ..”

ဗေဒါက ဖုန်းချလိုက်ပြီး မစ္စတာလုထံ ချက်ချင်းပင်ခေါ်လိုက်သည်။

ထိုအချိန်တွင် မစ္စတာလုက လေဆိပ်သို့ပင်ရောက်နေပေပြီ။

စင်္ကာပူမှ နေ့ချင်းပြန်ပြန်ချလာပြီး မစ္စတာလုက ဗေဒါအား ဝင်ခေါ်သည်။

ထို့နောက် စက်မှုဝန်ကြီးနှင့် ချက်ချင်းပင်သွားတွေ့၏။ မစ္စတာလု၏ အကို မစ္စတာချူး ကလည်း သူတို့နှင့် ရင်းနှီးပြီးသားဖြစ်သော ရမခတိုင်းမှူးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးသီဟသူရ ထံ ချက်ချင်းပင် သွားတွေ့၏။

‌လောမိသားစု၏ဖခင်ကြီး အသက်ရှင်နေသေးကြောင်းကိုလည်း စီးပွားရေးအသိုင်းအဝိုင်းနှင့် နအဖအစိုးရအသိုင်းအဝိုင်းအတွင်း အတည်ပြုပေးလိုက်နိုင်သည်။

လောမိသားစုအနေဖြင့် ထောက်လှမ်းရေးနှင့်ပတ်သက်ခဲ့သမျှ လာဘ်ပေးခဲ့ရသမျှ ကိစ္စအားလုံးကို စာရင်းအတိအကျဖြင့် ဂျာနူးဆီမှ ဖက်စ်ဖြင့် တောင်းယူပြီလိုက်သည်။

တိုင်းမှူးအသီးသီး၏ တိုင်ကြားစာများကိုလည်း စုဆောင်းထားပြီးဖြစ်သဖြင့် နအဖအစိုးရ ဒုတိယအကြီးအကဲမှ တဆင့် ဗိုလ်ချုပ်မှူးကြီးထံ တင်ပြရန် စီစဉ်ကြတော့၏။

တိုင်းမှူးများမှာလည်း စစ်ထောက်လှမ်းရေး၏ တန်ပြန်ထောက်ဌာနက သူတို့၏ လာဘ်ပေးလာဘ်ယူကိစ္စများကို လိုက်လံစုံစမ်းနေသဖြင့်..စစ်ထောက်လှမ်းရေးကို ဖြိုချရန် အားသန်လျက်ရှိသည်။

နအဖအစိုးရ၏ ဒုတိယအကြီးအကဲနှင့် ထောက်လှမ်းရေးအဖွဲ့အကြီးအကဲ ဝန်ကြီးချုပ်တို့အကြား နဂိုက ရှိနေခဲ့သော အက်ကြောင်းသည်လည်း ပိုမိုကြီးထွားလာ၏။

ထို့ပြင်..ဗိုလ်ချုပ်မှူးကြီး ၏ နက္ခတ်ဗေဒပညာရှင်ကလည်း နဝတမင်းဆက်မှာ ဝင်း၊ သန်း၊ ခေါင် ပြီးလျှင် ချုပ်ငြိမ်းမည်ဟု ဆိုလာသဖြင့် သန်း အမည်ပါသော ဗိုလ်ချုပ်မှူးကြီးမှာ စိုးရိမ်စိတ်များဝင်လာ၏။

အထူးသဖြင့်..ခေါင် မှာ တနင်္လာသားဖြစ်သဖြင့် ထိုအချိန်က ဝန်ကြီးချုပ်ရာထူးယူထားသော ထောက်လှမ်းရေးအကြီးအကဲမှာလည်း တနင်္လာသားဖြစ်နေသည်။

ထို့ကြောင့် သူ့နေရာကို လုမည့်သူမှာ ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲပင်ဖြစ်သည်ဟု တစ်ထစ်ချယုံကြည်ကာ စိုးရိမ်စိတ်များတိုးပွားလာသည်။

ထောက်လှမ်းရေးအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ်၏ ကံဇာတာမှ တဖြည်းဖြည်း မှေးမှိန်လာနေပြီဖြစ်သည်။

ထိုအချက်ကို သူကိုယ်တိုင်ရော၊ သူ၏ စစ်ထောက်လှမ်းရေးတဖွဲ့လုံးနီးပါး မသိရှာ။

သို့သော်..သိနေသူတစ်ချို့တော့ရှိနေ၏။

………………………………………….

“မရီတာ..ပြောပါ”

“ကိုဗေဒါ..ကျွန်မတို့ အခြေအနေမကောင်းတော့ဘူးဆိုတာ..ရှင်လည်း ကြားမှာပါ”

“ဟုတ်ကဲ့”

“ရှင်တို့ ကျွန်မကို ကူညီဖို့ အချိန်ကျပြီ”

“ဘာများလဲ”

“ရှင်တို့ ကျွမ်းကျင်တဲ့ ကိစ္စပါပဲ”

“ပွင့်ပွင့်လင်းလင်းပြောပါ..မရီတာ”

“ဖုန်းထဲမှာ ပြောလို့ မဖြစ်လို့ပါ.လုံခြုံတဲ့နေရာတစ်ခု ရှင်တို့ ပြော..ကျွန်မ လာခဲ့မယ်”

ဗေဒါက ကိုးမိုင်ခြံသို့ ချိန်းလိုက်၏။

နာရီဝက်ခန့်အကြာ ရီတာ ‌ရောက်လာ၏။ ကြက်သွေးရောင်ဝမ်းဆက်နှင့် ရီတာ ၏ မျက်နှာကက တစ်စုံတစ်ရာကို စိုးရိမ်နေပုံအထင်းသား။

“ကဲ..ပြောစရာရှိတာ ပြောပါ..ရီတာ”

“အခု ကကလှမ်းရဲ့ အခြေအနေအကြောင်း ရှင် သိပြီးသားဖြစ်မှာပါ…တခုသိစေချင်တာက ဒီပြဿနာတွေမှာ ကျွန်မရဲ့ ဗိုလ်ချုပ်က လုံးဝမပါခဲ့ဘူးနော်…သူက ဒုညွှန်ချုပ်အဖြစ်နဲ့ တစ်စင်ထောင်တာထက် ခပ်အေးအေးမှိန်းနေတာ ပိုကောင်းတယ်လို့ အမြဲပြောလေ့ရှိတယ်..သူဝါသနာပါတာ ပန်းချီရေးတာနဲ့ တင်းနစ်ရိုက်တာပဲ…အဲ့ဒါတွေကို သူအသက်ကြီးချိန်မှာ အေးအေးဆေးဆေးလုပ်ရင်း အချိန်ကုန်သွားချင်ခဲ့တာတဲ့”

“ကဲ..လိုရင်းပြောပါ..ရီတာ”

“ကျွန်မက မကြာခင် အမေရိကန်ဗီဇာရတော့မယ်….ဗိုလ်ချုပ်ကလည်းကလည်း ကျွန်မကို အချိန်မှီလေး အမေရိကားကို ထွက်သွားစေချင်နေတယ်”

“အဲ့ဒါ ကျွန်တော် ဘာကူညီပေးရမလဲ”

“ကျွန်မမထွက်ခင်မှာ ဒီကနေ ဒေါ်လာတွေထုတ်သွားချင်တယ်…ကျွန်မနာမည်နဲ့မဟုတ်ပဲ..ရှင်တို့ စီးပွားရေးလုပ်ငန်းတစ်ခုခုက နာမည်မျိုးနဲ့..ထုတ်ချင်တာ”

“ဘယ်လောက်လဲ”

ရီတာက လက်ခုနှစ်ချောင်းထောင်ပြ၏။

“ခုနှစ်သိန်းလား”

“မဟုတ်ဘူး..ခုနှစ်သန်း”

ဗေဒါ မျက်လုံးပြူးသွား၏။ ဒေါ်လာခုနှစ်သန်းဆိုသည်မှာ နည်းနည်းနောနောပမာဏမဟုတ်။

“ရှင့်အတွက်လည်း ပွဲစားခပေးပါ့မယ်..ကူညီပေးပါ.ကိုဗေဒါ”

“ဒီလောက်အမောင့် အများကြီးကျ…ကျွန်တော်နဲ့ မပြီးဘူးဗျ..ခဏ”

ဗေဒါက ခပ်လှမ်းလှမ်းသို့သွားပြီး မစ္စတာလုထံသို့ ဖုန်းဆက်လိုက်၏။

မစ္စတာလုက သူကူညီပေးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်လျှင် ထိုငွေများကို ဦီးဝီစာရလမ်းမှ သူပြောသည့်ခြံတစ်ခြံသို့ ချက်ချင်းသွားပေးစေချင်ကြောင်း၊ တစ်နာရီအတွင်း ရီတာ လွှဲစေချင်သည့် နိုင်ငံသို့ လွှဲပေးမည်ဖြစ်ကြောင်း ၊ ကျန်သည့်ကိစ္စကို စင်ကာပူမှ ဂျာနူးနှင့် ရီတာအား ချိတ်ဆက်လုပ်ကိုင်ရန်လိုကြောင်း ပြန်ပြောသည်။

ဗေဒါက ရီတာ အား အကျိုးအကြောင်းပြောပြလိုက်၏။

ရီတာက ချက်ချင်းပင် ပြန်သွားသည်။

ညနေပိုင်းတွင် ရီတာ့ဆီမှာ ဖုန်းဆက်လာ၏။ ငွေလွှဲကိစ္စ အဆင်ပြေသွားကြောင်းနှင့် ဗေဒါ့အတွက် ပွဲစားခ ဒေါ်လာတစ်သောင်းပေးမည်ဖြစ်ကြောင်း သိရသည်။

ဘာပဲဖြစ်ဖြစ်..ဗေဒါကတော့ ရီတာအပေါ်တင်နေသည့် အကြွေးတစ်ခု ဆပ်လိုက်နိုင်သဖြင့် စိတ်အေးခဲ့ပြီဖြစ်သည်။

………………………………………….

၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်။

တောင်ငူမှ တဆင့် မင်္ဂလာဒုံလေဆိပ်သို့ ပြန်လည်ရောက်ရှိလာသော ထောက်လှမ်းရေးအကြီးအကဲ ဝန်ကြီးချုပ် ကို နအဖ ဒုတိယအကြီးအကဲမှ သူ၏ ရုံးခန်းသို့ ဆင့်ခေါ်ခဲ့သည်။

ရုံးခန်းသို့အရောက်တွင် ထောက်လှမ်းရေးအဖွဲ့အား ဖျက်သိမ်းတော့မည်ဖြစ်ကြောင်းနှင့် ဝန်ကြီးချုပ်အားလည်း တာဝန်မှ အနားပေးကာ ထိန်းသိမ်းလိုက်ကြောင်း ပြောကြားခဲ့၏။

ထို့နောက် ၂၀၀၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့ တွင် စစ်ထောက်လှမ်း‌ရေးအဖွဲ့အား တရားဝင်ဖျက်သိမ်းကြောင်း ကြေညာချက်ထွက်ပေါ်လာတော့သည်။

ထောက်လှမ်းရေးအရာရှိများ၊ အဖွဲ့ဝင်အတော်များများမှာလည်း ထောင်နန်းစံကုန်ကြ၏။

သူတို့၏ ပိုင်ဆိုင်မှုများအားလုံးလည်း အသိမ်းခံခဲ့ကြရသည်။

ထူးခြားသည်က ရီတာ၏ စပွန်ဆာ ထောက်လှမ်းရေးဒုတိယအကြီးအကဲမှာမူ အရေးယူခြင်းမခံရ။

ကျန်သည့် ထောက်လှမ်းရေးထိပ်သီးအရာရှိကြီးများမှာ ထောင်နှစ်ပေါင်းများစွာ ကျခံရန် အမိန့်ချမှတ်ခံလိုက်ကြရ၏။

ထောက်လှမ်းရေးအကြီးအကဲ ဝန်ကြီးချုပ်ဟောင်းကိုယ်တိုင်ပင် နေအိမ်အကျယ်ချုပ် နှစ်ရှည်ချမှတ်ခံလိုက်ရသည်။

ဝန်ကြီးချုပ်မရှိတော့သည်နှင့် နအဖအစိုးရ၏ ထိပ်သီးဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သော သီဟသူရ နှင့် သူရ တို့၏ အားပြိုင်ပွဲကြီး စီးပွားရေးနယ်မြေတွင် ပေါ်ပေါက်လာလေတော့သည်။

ရှစ်လုံးကြီးဟု နာမည်ကြီးသော ဒုတိယဗိုလ်ချုပ်ကြီး သီဟသူရမှာ လော်မိသားစုနှင့် မဟာမိတ်ပြုလိုက်သည်။ ဗိုလ်ချုပ်ကြီးသူရမှာ တချိန်က ထောက်လှမ်းရေးနှင့်စီးပွားဖက်ဖြစ်ခဲ့သော စီးပွားရေးသမားများ နှင့် မဟာမိတ်ပြုလိုက်ကြသည်။

စရဖ ခေါ် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့က ထောက်လှမ်းရေးနေရာ အစားထိုးဝင်ယူလိုက်သည်။

လော်မိသားစုသည်လည်း နောက်ကျောဓါးနှင့်ထိုးရန်ကြံစည်သည် ထောက်လှမ်းရေးအဖွဲ့ကို အမြစ်ဖြုတ်နိုင်ခဲ့ပြီး နိုင်ငံရေးပါဝါအသစ်ဖြစ်သည့် စစ်ဗိုလ်ချုပ်အချို့ကို အိပ်ကပ်ထဲ ထည့်နိုင်လာပြီဖြစ်သဖြင့် ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ဦးတည်နေတော့သည်။

………………………………………….

“ဗေဒါ….မင်း..Lurces Wood ဘက်ကို ပြောင်းကိုင်တွယ်ရမယ်”

အပါးကြီး ပေးလာသော အမိန့်။ ထိုနေရာက ယခင်ကတည်းက ဗေဒါ့အတွက် စီစဉ်ထားသောနေရာ။

ထောက်လှမ်းရေးနှင့်အဓိက ပတ်သက်ပေးနေရသည့် ဗေဒါ့အတွက် အလုပ်မရှိတော့သဖြင့် တခြားသို့ ပို့လိုက်သည့်သဘောလည်းဖြစ်ချင်ဖြစ်မည်။

သို့သော်..ဗေဒါ မည်သို့မျှ မခံစားရပါ။

ဂျာနူး မရှိသည့်အခါ ရန်ကုန်သည် သူ့အတွက် အဓိပ္ပါယ်မဲ့နေခဲ့သည်မှာလည်း ကြာခဲ့ပြီ။ ရန်ကုန်ကို သူနေမပျော်တော့။

ထို့ကြောင့် မြန်မာပြည်အနှံ့လျှောက်ဒိုးရမည့်ကိစ္စကို သူကျေကျေနပ်နပ်ပင်လက်ခံလိုက်သည်။

ယောနယ် ကယား ကျိုက်ထို ရှမ်းပြည်နယ် ရွှေလီ -မဘိမ်း ကသာ မိုးမိတ် ဗန်းမော် ပဲခူးရိုးမ ရွှေဘို ကောလင်း ဝန်သို မုံရွာ တနင်္သာရီဘက်အထိ ဗေဒါ အကုန်နှံ့ခဲ့၏ ။

လောမိသားစု၏ ကစားကွက်များသည် ခန့်မှန်းရခက်သည်။ ကောင်းဖို့ပို့တာလား၊ ဆိုးဖို့ပိုတာလားဆိုသည်ကိုပင် ဗေဒါ မခန့်မှန်းတတ်။

သို့သော် သူဆန်စားရဲရမည်ပပဲ။

ခြောက်လခန့် ကြာခဲ့ပြီ။

လုပ်ငန်းခွင်သစ်၊ အတွေ့အကြုံသစ်များကို ဗေဒါ သင်ယူရင်း ဖြတ်သန်းနေ၏။

ထိုသို့နေထိုင်ရင်း သပိတ်ကျင်းဘက်တွင် သစ်ကိစ္စလှုပ်ရှားနေစဉ် ဒေသခံများမှ ဗေဒါ့ကို ထူးဆန်းသော သတ္တုတစ်မျိုးလာရောင်းသည်။

ဗေဒါလည်း ကိုနေဝင်းကို လှမ်းဆက်သွယ်ခေါ်ယူပြီး ပြသလိုက်၏။

ကိုနေဝင်းနှင့်အတူ တရုတ်လူမျိုး လျှူပေါင်ဆိုသူ ပါလာပြီး ယူရေနီယန်သတ္တုဖြစ်ကြောင်း အတည်ပြုသည်။

လျူပေါင်သည် ယူရေနီယန်နှင့်ပတ်သက်ပြီး အတော်များများသိထားသူဖြစ်သည်။ ၁၉၉၅ ခုနှစ်ကတည်းက မြန်မာပြည်ထဲသို့ ရောက်ရှိနေသူဖြစ်ပြီး မြန်မာစကားလည်း မွှတ်နေအောင် ကျွမ်းကျင်၏။

မကြာမီပင် ကိုနေဝင်းက နောက်ထပ်လူနှစ်ယောက်ကို ထပ်ခေါ်ပြီး ဒေသခံများနှင့်အတူ ယူရေနီယံရှာတွေ့သောနေရာကို သွားရောက်ခဲ့ကြသည်။

ဗေဒါကတော့ ကိုယ့်အလုပ်ဖြင့် ကိုယ်ရှုပ်နေသောကြောင့် မလိုက်သွားဖြစ်ခဲ့။

နောက်နှစ်ပတ်အကြာတွင် ကိုနေဝင်းက စစ်တိုင်းမှူးနှင့် သွားတွေ့သည်။

ကိုနေဝင်းပြန်လာပြီးသည့်နောက် တပ်ရင်းတစ်ရင်းပါလာပြီး ထိုနေရာကို လုံခြုံရေးယူလိုက်ကြတော့သည်။

မကြာခင် ထူး ကုမ္ပဏီ နှင့် ဝမင်း ကုမ္ပဏီတို့ ထိုဒေသမှာ ခြေရှုပ်လာကြတော့သည်။

ဒေသခံများမှာ ထိုဒေသသို့ သစ်ရှာ၊ ဝါးရှာပင်သွားခွင့်မရတော့။

ဗေဒါလည်း ထိုအခြေအနေကို မစ္စတာလု ထံ အစီရင်ခံလိုက်သည်။

“ယူရေနီယမ်ဖြစ်ဖို့များတယ်…သူတို့ အခြေအနေကို မင်းစောင့်ကြည့်ပြီး ငါ့ဆီ မှန်မှန် ဆက်သွယ်ပေးပါ..ဗေဒါ”

“ဟုတ်ကဲ့”

“နောက်..မင်းကို ငါပြောစရာ တစ်ခုရှိသေးတယ်..မင်းရဲ့ ကိုယ်ရေးကိုယ်တာပါ”

“…………………….”

“ဂျာနူး…လက်ထပ်သွားပြီ”

“ဗျာ”

“ဂျာနူး ယောက်ျားယူသွားပြီလို့”

မတ်တပ်ရပ်ဖုန်းပြောနေရာမှ ဗေဒါ ရုတ်တရတ် ငုတ်တုပ်ထိုင်ချမိသွားသည်။

“ဘယ်သူနဲ့ယူတာလဲ”

“အပါကြီး သဘောတူတဲ့လူနဲ့…ယူသွားတာ..သူ့ကို တအိုးတအိမ်ထူထောင်ခွင့်ပေးပါလို့ ခွင့်တောင်းလာလို့..ငါတို့ လည်း ခွင့်ပြုလိုက်တာပဲ..ဗေဒါ”

“ဟင်”

မစ္စတာလု ဖုန်းချသွား၏။

ဗေဒါ က မြေကြီးပေါ် ဖင်ထိုင်လျက် ထိုင်ချရင်း မြန်မာပြည်တွင် ရှိစဉ်က ဂျာနူးကိုင်ခဲ့သော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်နှိပ်နေမိ၏။

သို့သော်..ဖုန်းက လက်ခံမည့်သူမရှိ။

ဂျာနူး ဘာကိစ္စ ရုတ်တရက် အိမ်ထောင်ပြုသွားသနည်း။ အပါးကြီး သဘောတူသည့်သူဆိုတော့..လောမိသားစု၏ ကစားကွက်များထဲမှ တစ်ခုလား။ သူ နှင့် ဂျာနူးကို အဝေးဆုံးဖြစ်အောင် ခွဲထုတ်သည့် လှည့်ကွက်တစ်ခုလား။

ဒါမှမဟုတ်။

ဂျာနူးကိုယ်တိုင်က အားလုံးကို စနစ်တကျလှည့်စားသွားခဲ့သည်လား။

သည်လိုဆိုလျှင်..သူ့ကိုချစ်သည်ဆိုသည့် ဂျာနူး၏ စကားများသည် လိမ်ညာလှည့်ဖြားခြင်းသက်သက်လား။

စက်ရုပ်မ။ လှည့်ဖျားတတ်တဲ့.. စက်ရုပ်မ။ အခုတော့ သံပတ်ကုန်သွားခဲ့ပြီတဲ့လား။

သူမနှင့်အတူရှိခဲ့ဖူးသည့် ရွှေချထားရမည့် တဒင်္ဂအတိတ်တို့က သူ့ ရင်ဘတ်ထဲ နာနာကြင်ကြင်ဖောက်ကပ်တွယ်ဝင်လာကြသည်။

“ဆရာ..ဆရာ..မြေကြီးပေါ်မှာတော့ မအိပ်ပါနဲ့လား..လေဖြတ်သွားလိမ့်မယ်”

သစ်လုပ်ကွက်မှ မန်နေဂျာလေးက ဗေဒါဘေးရောက်လာသည်။

“မင်းမှာ အရက်ရှိလား”

“ချက်အရက်ပဲ ရှိတယ်..ဆရာ”

ဗေဒါ မြေကြီးပေါ်မှ ထလိုက်သည်။ ညသည် မကြာမီ ချာချာလည်တော့မည့် ဟန်ဖြင့်..မလင်းတလင်း။

………………………………………….

ရန်ကုန်သို့ ဗေဒါ ခြေချမိခဲ့ပြန်ပြီ။

တစ်နှစ်ကျော်အကြာ ရန်ကုန်သည် ထူးထူးခြားခြားပြောင်းလဲမှု ဘာမှ သိပ်မရှိ။

မစ္စတာလု၏ ရုံးခန်းရှေ့တွင် သူ့သမီးဖြစ်သူ ဝင်ဒီလု ၏ ရုံးခန်းပင် အသစ်ဖွဲ့ထား၏။

ဂျာနူးနေရာတွင် ဝင်ဒီလုက အစစအရာရာ တာဝန်ယူနေပြီဖြစ်ကြောင်းလည်း ဗေဒါ သိထားသည်။

မစ္စတာလု၏ အတွင်းရေးမှူးအသစ်မလေးက ‌ဗေဒါ့ကို ဧည့်ခန်းတွင်ပင်ထိုင်စောင့်ခိုင်းထား၏။

ထိုကောင်မလေးကို မြင်သည့်အခါ ဂျာနူးကို သတိရသည့်စိတ်က အသစ်တဖန်ပြန်တည်လာသည်။

ဗေဒါ မျက်လုံးတို့ကို မှိတ်ကာ ခေါင်းကို ငုံ့ထားလိုက်၏။

“ဗေဒါ..ဝင်လာခဲ့တော့”

မစ္စတာလု၏ အသံကြောင့် ဗေဒါ ခေါင်းထောင်လာသည်။

ထို့နောက် အခန်းတွင်းသို့ ဝင်ခဲ့လိုက်၏။

အခန်းတွင်းတွင် မစ္စတာလု၏ အကို မစ္စတာချူး လည်းထိုင်နေသည်။

ဗေဒါက မစ္စတာချူး ကို အရိုအသေပေးလိုက်၏။ မစ္စတာချူးက ပြုံးပြပြီး ထိုင်ရန် အချက်ပြလိုက်သည်။

မစ္စတာလုက သူ့အကို‌ရှေ့တွင် ရှိသော ဖိုင်တွဲကို ဗေဒါ ထံ ကမ်းပေးလိုက်၏။

ဗေဒါက ဖိုင်တွဲကို လှန်ကြည့်လိုက်သည်။

ဓာတ်ပုံများ။

ဂျာနူး နှင့် လူဖြူအမျိုးသားတစ်ဦီး တို့ တွေ့ဆုံနေသည့်ပုံများကို ရှုထောင့်အမျိုးမျိုးမှ ရိုက်ထား၏။

ကော်ဖီဆိုင်များ၊ စတိုးဆိုင်များ၊ ပန်းခြံများ၊ ပြဇာတ်ရုံရှေ့များတွင် မသိမသာ ရပ်စကားပြောနေသည့်ပုံများလည်း ပါဝင်သည်။

နေရာအနေအထားအရ စင်ကာပူမှ ပုံများဖြစ်နေသည်။ ထူးထူးခြားခြား ဗေဒါနှင့် ဂျာနူး စင်ကာပူသွားစဉ်က ဝတ်ထားသည့် ဝတ်စုံကိုပင် ဗေဒါ သတိထားမိ၏။

“မင်းနဲ့ စင်ကာပူသွားခဲ့တုန်းက..ဂျာနူးနဲ့ မင်း တခန်းထဲ အိပ်တာ ငါတို့သိတယ်..သူ…ဒီပုံထဲကကောင်နဲ့ တွေ့တာ ၊ စကားပြောတာတွေ မြင်ခဲ့သေးလား”

ဗေဒါ သေချာစဉ်းစားလိုက်သည်။

“အင်း..အဲ့ဒီလိုတော့ မတွေ့ခဲ့ပါဘူး..ဒါပေမယ့်..ကျွန်တော် အိပ်ရာထနောက်ကျနေတော့..ကျွန်တော် မနိုးခင် သူ အရင်နိုးပြီး..အပြင်သွားတာတော့တွေ့တယ်”

မစ္စတာချူးနှင့် မစ္စတာလုတို့ က တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။

“အဲ့ဒီထဲက လူဖြူကောင်က ဘယ်သူလဲ..မင်းသိလား”

“ဂျာနူး လက်ထပ်သွားတဲ့ တစ်ယောက်လား”

မစ္စတာလုက ခေါင်းခါလိုက်သည်။

“မဟုတ်ဘူး..အဲ့ဒါ စီအိုင်အေက အရှေ့တောင်အာရှတာဝန်ခံဒါရိုက်တာ ရစ်ကာနေး”

“ဗျာ”

“ငါတို့သင်္ဘောကို အမေရိကန်က ခြေရာခံပြီး ဖမ်းမိသွားကတည်းက ငါတို့မှာ အတွင်းသူလျှို ရှိနေပြီဆိုတာ..ငါတို့သိခဲ့တာ..ဒီကြားထဲ ဟိုထောက်လှမ်းရေးကောင်တွေကို အရင်ရှင်းထုတ်နေတာနဲ့..ဒီကိစ္စကို အသာမျောထားတာ…အခုတော့…ငါတို့ထဲက သူလျှိုကို ငါတို့ ဖော်ထုတ်နိုင်ခဲ့ပြီ”

မစ္စတာချူး က ပြောလိုက်ခြင်းဖြစ်သည်။

“ဒါဆို..ဂျာနူးက သူလျှိုပေါ့”

“ဟုတ်တယ်..ဒီဓာတ်ပုံတွေရဖို့ စင်္ကာပူသတင်းဌာနတစ်ခုကို ငါ ဒေါ်လာသန်းချီပေးလိုက်ရတယ်”

ဗေဒါမှ ဘာမှပင် မပြောနိုင်တော့။ ဂျာနူးကဲ့သို့ လောမိသားစု၏ စက်ရုပ်ဟု သတ်မှတ်ခံထားရသည့် မိန်းကလေးက လောမိသားစုကို ကောင်းကောင်းကြီး မျက်လှည့်ပြသွားခဲ့ပြီ။

“မင်းကို သစ်လုပ်ငန်းထဲ ပို့ထားချိန်မှာ…သူက စင်္ကာပူမှာနေပြီး ငါတို့ လုပ်ငန်းတွေကို ကောင်းကောင်းမွန်မွန်ဦီးစီးလုပ်ကိုင်ပေးတယ်….အပါးကြီးသဘောတူတဲ့ အမေရိကန်နိုင်ငံသား ထိုင်ဝမ်တရုတ်ကို လက်ထပ်လိုက်တယ်..ပြီးတော့..မိသားစုဘဝထူထောင်ချင်လို့ အလုပ်ကထွက်ပြီး အမေရိကန်မှာ အခြေချပါရစေလို့ ပြောတယ်..အဲ့ဒါတွေ အားလုံးဟာ ငါတို့ လက်တံအောက်ကလွတ်အောင် သူ ပါးပါးနပ်နပ် လုပ်သွားခဲ့တာတွေချည်းပဲ…အခုတော့ စင်ကာပူမှာကျန်တဲ့ သူ့ရုံးအဖွဲ့တစ်ဖွဲ့လုံးကို အလုပ်ဖြုတ်ပစ်ရုံက လွဲပြီး.. ငါတို့ သူ့ကို ဘာမှမလုပ်နိုင်တော့ဘူး…ဒီတော့….အခု မြန်မာပြည်ထဲမှာ သူနဲ့ ပတ်သက်တဲ့ ခြေရာလက်ရာတွေ၊အဆက်အသွယ်တွေ ကျန်နေခဲ့မှာပဲ…အဲ့ဒီကိစ္စ မင်းနဲ့ လောရှည်ကို တာဝန်ပေးမယ်..ဗေဒါ..လောရှည်က ဂျာနူးရဲ့ ဇာတိဘက်မှာ ရှာရမယ်..မင်းက ရန်ကုန်မှာတာဝန်ယူရမယ်.. ရန်ကုန်က ငါတို့ လုပ်ငန်းတွေမှာ ဂျာနူးသွင်းခဲ့ပေးတဲ့ သူ့လူတွေရှိနိုင်တယ်..နောက်ပြီး သူနဲ့ဆက်သွယ်ပြီး ငါတို့ အကျိုးစီးပွားကို ဖျက်ဖို့လုပ်ခဲ့တဲ့လူတွေလည်းရှိခဲ့မှာပဲ..အဲ့ဒီသူတွေအားလုံးကို ဖော်ထုတ်ပြီး ရှင်းသင့်ရင် ရှင်းပစ်ရမယ်..ဒါ ငါတို့ လုပ်နိုင်တဲ့ ကလဲ့စားပဲ”

မစ္စတာချူးက စကားပြောရင်း ဒေါသသံများ ပါလာသည်။

မစ္စတာလု ကမူ သူ့ထုံးစံအတိုင်း စီးကရက်ကို ဖွာရင်း.. သူ့ရှေ့မှ ဓာတ်ပုံများကိုသာ စိုက်ကြည့်နေ၏။

ခက်ဇော်

အခန်း ၂၈ ကို မနက်ဖြန်မှာ တင်ဆက်သွားပါမယ် >>>>>