စစ်ကောင်စီလက်နက်ကြီးကြောင့် ကျိုက်ထိုဒေသခံထောင်ချီ ထွက်ပြေးနေရ

0
2855

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ကျေးရွာ ၈ ရွာကျော်မှ ဒေသခံထောင်ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ရှိ စစ်ကောင်စီအ‌မြှောက်တပ် ၃၁၀ နှင့် ကင်မွန်းစခန်း ရဲကုန်းတို့မှ မတ်လ ၂၁ ရက် ည ၉ နာရီမှ ၁၂ နာရီအထိ ကျိုက်ထီးရိုးတောင်ခြေ ကင်မွန်းစခန်းအရှေ့ဘက်ရှိ တကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့၊ ကရဝေးဆိပ် အစရှိသည့် ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံတို့က ပြောသည်။ 

ကျိုက်ထိုမြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ကို သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နှင့် KNLA, PDF, KRF ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၁ ရက် နံနက် ၁၀ နာရီအချိန်ခန့်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ယင်းကြောင့် စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း ဒေသခံများကဆိုသည်။

“လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတော့ ဘယ်သူမှမနေရဲကြဘူး။ ညတွင်းချင်းပဲ ဘေးလွတ်ရာကို ထွက်ပြေးကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ငှက်ပျောတောကျေးရွာထဲ ၇ လုံး၊ ကရဝေးဆိပ်အထက်စုကျေးရွာထဲ ၅ လုံး၊ တခြားနေရာဘက်တွင်လည်း ၄ လုံး ခန့်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ ကင်မွန်းစခန်းအရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို လက်နက်ကြီးများဖြင့် ညတိုင်းလိုလို ပစ်ခတ်နေသည်ဟုလည်း ဒေသခံတို့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်အင်အား ၁၀၀ ခန့်ကလည်း ကင်မွန်းစခန်းအရှေ့ဘက်ခြမ်းသို့ စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကိုလည်း ဒေသခံတို့က စိုးရိမ်နေကြသည်။

မတ်လအတွင်း၌ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် သထုံမြို့နယ်တွင် ကလေး ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။