ညောင်ခါးရှည်ဂိတ် စစ်ဆေးမှုများကြောင့် ကားများပိတ်မိနေပြီး လူနာတင်ယာဉ်များ အခက်တွေ့

0
3397

မွန်ပြည်နယ်နှင့် ပဲခူးတိုင်းကြားရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်တွင် X-ray စစ်ဆေးခြင်းကို ယခုရက်ပိုင်းအတွင်း ထပ်မံပြုလုပ်လာနေသဖြင့် ကားတန်းရှည်ကြီးပိတ်မိနေကာ လူနာတင်ယာဉ်များ အခက်တွေ့နေရကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းများမှ သိရသည်။

မြိတ်မှ အရေးပေါ်လူနာတို့အား ရန်ကုန်မြို့ရှိ ဆေးရုံသို့ တင်ပို့ရာတွင် ညောင်ခါးရှည်ဂိတ်တွင် ယာဉ်တန်းရှည်ကြီး ပိတ်မိနေသဖြင့် စောင့်ဆိုင်းနေရခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းအချို့က ပြောပြသည်။

“အခက်အခဲဖြစ်တာပေါ့ လူနာက အောက်ဆီဂျင်ရှုပြီး စောင့်နေရတာ အောက်ဆီဂျင်ဗူးတော့ လုံလောက်အောင် သယ်သွားရတာပေါ့” ဟု မြိတ်မှ ရန်ကုန်သို့ အရေးပေါ်လူနာတင်ပို့သည့် နာရေးကူညီမှုအသင်းတစ်ခုမှ အသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ညောင်ခါးရှည်ဂိတ်တွင် လေးနာရီအထိ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးမှ ခရီးဆက်ခဲ့ရခြင်းဖြစ်ကြောင်း အထက်ပါနာရေးကူညီမှု အသင်းဝင် ဆိုသည်။

“လူနာတင်ကားလည်း စောင့်ရတာပဲ၊ ကားတွေကလမ်းဖယ်ပေးလို့လည်းမရဘူး၊ လမ်းက ပိတ်နေတာကိုး၊ ကားတွေလည်း စည်းကမ်းမရှိဘူး နီးသလို ထိုးတက်နေကြတာ၊ လမ်းလုနေကြတာ” ဟု ၎င်းကပြောသည်။

လူနာတင်ယာဉ်ကို ဦးစားပေးကာ ယာဉ်ထိန်းရဲနှင့် ရဲတပ်ဖွဲ့က လမ်းကြောင်းရှင်းပေးခြင်းမျိုးမရှိကြောင်း အရေးပေါ်လူနာတင်ယာဉ်အဖွဲ့တစ်ခု၏ တာဝန်ရှိသူကပြောသည်။

သို့သော် တန်းစီစောင့်နေကြသည့် ကုန်တင်ကားသမားများက နားလည်မှုရှိရှိဖြင့် အချင်းချင်းဖေးမကာ လမ်းရှင်းပေးသည်မျိုး ကြုံရပါက အချိန်အနည်းငယ်အတွင်း လူနာတင်ယာဉ် ဖြတ်သန်းသွားလာခွင့်ရကြောင်း ၎င်းကဆိုသည်။

“လူနာတင်ယာဉ်က လူနာပါ၊မပါ တက်ကျော်လို့မရဘူး၊ ဘာဖြစ်လဲဆိုရင် လမ်းက ကားတစ်စီးစာတောင်မရှိဘူး၊ တစ်ခါတစ်လေ လမ်းကြောင်းရှင်းနေလို့ အချိန်မစောင့်လိုက်ရတဲ့အခါမျိုး‌တော့ ရှိတတ်တယ်” ဟု ပုလောမြို့အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှပြောသည်။

မြိတ်အခြေစိုက် နာရေးကူညီအသင်းတို့အနေဖြင့် ညောင်ခါးရှည်ဂိတ်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရစဉ် လူနာအသက် ဆုံးရှုံးရသည်အထိ မကြုံရသေးကြောင်း ယင်းအသင်းအချို့ထံမှ သိရသည်။

ထို့ပြင် ညောင်ခါးရှည်ဂိတ်တွင် ယာဉ်တန်းရှည်တို့ဖြင့် အချိန်တစ်ရက်မှ နှစ်ရက်အထိ စောင့်ဆိုင်းနေရသဖြင့် ကုန်စည်စီးဆင်းမှု နှောက်နှေးခြင်းနှင့် ခရီးသွားများအတွက် အချိန်ပိုကုန်မှုများ ရှိနေကြောင်း မြိတ်-ရန်ကုန် ကုန်တင်ယာဉ်လိုင်းတချို့က ပြောပြသည်။