စော်ဖျားရွာတွင် ဈေးသည်အမျိုးသားတစ်ဦးကို ပြည်သူ့ကာကွယ်ရေး အဖွဲ့ကရှင်းလင်းခဲ့ဟုထုတ်ပြန်

0
4090

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာဘက်ကို ဈေးရောင်းသွားနေသည့် စစ်ကောင်စီသတင်းပေးဆိုသူ အမျိုးသားတစ်ဦးကို ရှင်းလင်းလိုက်သည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မတ်လ ၂၂ ရက်က ထုတ်ပြန်ထားသည်။

အသက် ၄၀ ကျော်ခန့်ရှိ ဦးမင်းဇော်(ခ) မင်းမင်းဆိုသူမှာ ထားဝယ်မြို့ပေါ်မှဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာနှင့် လောင်းမင်းဖ၊ ကထီးဝစသည့် ကျေးရွာများဘက်ကို ဆိုင်ကယ်ဖြင့် ငါးလိုက်ရောင်းနေသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

၎င်းမှာ ဈေးသည်အသွင်ယူကာ PDF အဖွဲ့များ၏ သတင်းအချက်အလက်များကို ထောက်လှမ်းနေသူဖြစ်ပြီး PDF အဖွဲ့များ၏ တည်နေရာ၊ အင်အား၊ အဖွဲ့ခေါင်းဆောင်များ၏ အမည်နှင့် သတင်းအချက်အလက်များ ပေးပို့ထားရှိမှုရှိသည်ဟု ပကဖ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် စော်ဖျားရွာ စစ်ကောင်စီဂိတ်မှ စခန်းမှူး ဗိုလ်လေးကိုဖြိုးနှင့် ဆက်သွယ်ထားရှိမှုမှတ်တမ်း၊ အမှတ်(၄၀၄) ခြေမြန်တပ်ရင်းမှူး ဆိုင်ကယ်ထောက်ခံချက်လက်မှတ်နှင့် ၂၀၀၆ ခုနှစ်ကတည်းက စစ်ကောင်စီသတင်းပေး(Informer) အဖြစ်လုပ်ဆောင်ခဲ့သည်ဆိုသော အချက်အလက်များ စုံစမ်းရရှိသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးမင်းဇော်ဦးမှာ စော်ဖျားရွာဘက်ကို ငါးရောင်းထွက်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်ပြီး ကရင်တောဘက်ကိုအဓိထား ငါးရောင်းသွားလေ့ရှိသည်ဟု စော်ဖျားကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။