အဖမ်းမခံရရန်အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်လူခေါ်ပြီး မှောင်ခိုပို့သောမြန်မာပွဲစားကားကို ထိုင်းရဲစောင့်ဖမ်း

0
2350

အဖမ်းမခံရရန် အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်ပြီး လူခေါ်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်သည့် မြန်မာပွဲစားကား၏ကားကို ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

အွန်လိုင်းပို့စ်ကြောင့် မြန်မာပွဲစားကားကို စမွတ်ပရကန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မတ်လ ၁၇ ရက်တွင် နောက်ယောင်ခံကာ စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများကို တရားမဝင်ခေါ်ဆောင်ကာ လှိ်ဳ႕ဝှက်ထားရှိသည် စမွတ်ပရာကန်ခရိုင် ဘန်ပူဒေသရှိ တိုက်ခန်းရှိရာသို့ ကားဝင်လာချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မြန်မာပွဲစားနှစ်ဦးသည် ကျော်မင်းနောင်နှင့် ရွှေစင် အမည်များဖြင့် Facebook နှင့် Tiktok များတွင် မြန်မာဘာသာဖြင့် ရေးသား ပို့စ်တင်ကာ လူခေါ်ခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်မှ ဘန်ကောက်သို့ တက်လာလိုသူများကို အဖမ်းအဆီး လုံးဝမရှိဘဲပို့ဆောင်ပေးမည်ဟု ရာနှုန်းပြည့် အာမခံကြောင်း ရေးသားထားသည့်စာနှင့်အတူ ပို့ဆောင်ရာတွင် အသုံးပြုသည့် ကားဓာတ်ပုံကိုပါ တွဲတင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

မြန်မာပွဲစားနှစ်ဦးသည် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံထဲသို့ တရားမဝင် ခေါ်ဆောင်ကာ ဘန်ပူဒေသရှိ တိုက်ခန်းများတွင် ပုန်းခိုနေထိုင်စေကြောင်း ရေးသားထားသည်။

ထိုနေရာများမှတစ်ဆင့် မြန်မာအလုပ်သမားများ သွားလိုသည့် စက်ရုံများသို့ တဖြေးဖြေးပို့ဆောင်ပေးနေခဲ့သည်ဟု ရဲတပ်ဖွဲ့များက ကြိုတင်သတင်းရရှိထားကြောင်း သတင်းတွင် ဖောပြသည်။

ပို့စ်တင်ရာတွင် ပါဝင်သည့် ဟွန်ဒါအနက်ရောင်ကားနှင့် နံပတ်တို့ကို ထိုင်းရဲတပ်ဖွဲ့က မှတ်သားကာ စောင့်ကြည့်နေခဲ့ကြောင်း ရေးသားထားသည်။

ယင်းကားသည် တိုက်ခန်းမှ ထွက်လာပြီးနောက် ရဲတပ်ဖွဲ့က နောက်မှ နောက်ယောင်ခံလိုက်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကားပေါ်တွင် ပွဲစားနှစ်ဦးနှင့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ငါးဦးတို့ကို ဖမ်းမိသည်ဟုဆိုသည်။

မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်လာပြီးနောက် အလုပ်ရှာရန်အတွက် အခြားခရိုင်များသို့ သွားရန် ပြင်ဆင်နေကာ ထိုင်းသို့ ဝင်ရောက်လာခဲ့ချိန်တွင် ဘတ် ၁၇၀၀၀ ပေးချေခဲ့ရကြောင်း ဖော်ပြသည်။

မြန်မာပွဲစားနှစ်ဦးကို လူမှောင်ခိုကူညီပို့ဆောင်မှုဖြင့် အရေးယူခံရမည်ဖြစ်ပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို တရားမဝင် ဝင်ရောက်လာမှုဖြင့် အရေးယူရန်အတွက် ဘန်ပူရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။