မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် ညဖက်မသွားလာကြရန် ကော်သူးလေသတိပေး

0
2496
ပုံစာ - တနင်္သာရီ-မောတောင်လမ်းတွင် လုံခြုံရေးယူထားသည့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ (ပုံဟောင်း)

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းတွင် စစ်ရေးတင်းမာနေသဖြင့်လမ်းအသုံးပြုသူများ ညဖက်မောင်းနှင်သွားလာခြင်း မပြုလုပ်ကြရန် ကော်သူးလေတပ်မတော် (KTLA) ကျားကွန်မန်ဒို တပ်ဖွဲ့က ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။

စစ်ရေးတင်းမာနေသည့် ရေဖြူကျေးရွာနှင့် သဲဖြူလမ်းမကြီးအား ည ၈ နာရီမှ နံနက် ၅ နာရီအတွင်း သွားလာခြင်း မပြုလုပ်ကြရန်၊ စစ်ကောင်စီတပ်များနှင့် အနီးကပ်ရှိနေခြင်း၊ အနီးကပ်သွားလာခြင်းများကိုလည်းရှောင်ရှားကြရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းအပြင် မော်တော်ယာဉ်များ မှန်ချမောင်းနှင်ရန်နှင့် တာလပတ်အုပ်ထားပါကလည်း ကားအတွင်းသို့မြင်သာအောင် လှစ်ဟသွားကြရန်၊ ပြည်သူ့တော်လှန်ရေးအဖွဲ့များ စစ်ဆေးလျှင် စစ်ဆေးခံရန် ထုတ်ပြန်ထားသည်။ 

တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်ရွာတိုးဂိတ်အနီးတွင် မတ်လ ၁၉ရက် နံနက်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယနေ့တွင် သတိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလမ်းသို့ အသုံးပြုနေကြသည့် ကုန်တင်ကားများ ရာချီရှိနေပြီး နယ်စပ်မြို့ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံဖက်သို့ ရေထွက်ပစ္စည်းများ တင်ပို့လျှက်ရှိသည်။

မောတောင်လမ်းနှင့်ပတ်သက်ပြီး အသုံးပြုသူများအား ယခင်ကလည်း စစ်ရေးတင်းမာချိန် ပြည်သူ့ကာကွယ်ရေး တပ်များက သတိပေးချက်များ ထုတ်ပြန်ခဲ့ဖူးသည်။