မောင်မယ်ရှောင်ရွာအနီး စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရ

0
2366

ထားဝယ်မြို့ မောင်မယ်ရှောင်ရွာအနီး ဘုရားမဲစစ်ဆေးရေးဂိတ် ယနေ့ မတ်လ ၂၀ ရက် မွန်းလွဲပိုင်းတွင် ပစ်ခတ်ခံရပြီး ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

မွန်းလွဲ ၁ နာရီခန့်ကစပြီး ၂ နာရီဝန်းကျင်အထိ တစ်နာရီလောက်နီးပါးကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်သံကြားရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဂိတ်တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

“နှစ်ဘက်ပစ်တယ်လို့ထင်တယ်။ ဘာဖြစ်လိုလဲဆိုတော့ စစ်ဆေးရေးဂိတ် အရှေ့ဘက်ကလည်း ပြန်ပစ်သံကြားနေရတယ်” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ် မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ခြင်း ဖြစ်သည်ကို အတည်မပြုနိုင်သေးသလို ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေတို့ကို မသိရသေးပေ။

ပစ်ခတ်မှုဖြစ်ပွားနေသောကြောင့် ဒေသခံဥယျာဉ်ခြံလုပ်သားများမှာ ဥယျာဉ်ခြံထဲမှ ထွက်ပြေးလာကြကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

မောင်မယ်ရှောင်ကျေးရွာအနီး အဆိုပါစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိသည်။