တနင်္သာရီ သိန်ခွန်းကျေးရွာအနီး တိုက်ပွဲဖြစ်နေ

0
2676

မြိတ်ခရိုင်၊ တနင်္သာရီ-မောတောင်လမ်း သိန်ခွန်းကျေးရွာအုပ်စုတွင် ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

သိန်ခွန်းကျေးရွာအုပ်စု၊ ချောင်းနှစ်ပေါက်တိုးဂိတ်တွင် ယနေ့ နံနက် ၉ နာရီဝန်းကျင်မှစတင်ဖြစ်ပွားပြီး စဝ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

“လက်နက်ကြီးတွေ အဆက်မပြတ်ပစ်ပြီး တိုက်ပွဲက နည်းနည်းကြမ်းတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်အတူ KNU အပါအဝင် ကော်သူးလေတပ်မတော်တို့လည်း ပူးပေါင်းတိုက်ခိုက်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ဆိုသည်။

နှစ်ဖက်ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း ၎င်းက ပြောဆိုသည်။

ယင်းအပြင် သိန်ခွန်းရွာနှင့် ထုံမခါရွာကြားတွင်လည်း ယနေ့ နေ့လယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်နေသည်ဟု ကြားရပြီး အသေးစိတ်ကိုမူ မသိရသေးကြောင်း ဒေသခံအချို့က ပြောသည်။

တိုက်ပွဲကြောင့်ဒေသခံများမှာ ဘေးလွတ်နေရာများသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ခြေလျင်စစ်ကြာင်းသည် တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုဖက်သို့ ထိုးဝင်ခဲ့ပြီး ကျွဲသုံးပေါင်တောင်ကြောတွင် နှစ်ဖက်ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးသည်။

စစ်ကြောင်းထိုးဝင်စဉ်အတွင်း ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်း တဲအိမ်သုံးလုံးအပါအဝင် ကွမ်းသီးဂိုဒောင်တစ်လုံး၊ ဆိုင်ကယ်နှစ်စီးနှင့် ကွမ်းသီးခြံကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကြောင်းထိုးလာသည့်အတွက် ဘန်းလမွတ်ကျေးရွာအုပ်စုရှိ ငါးရံ့အင်း၊ ရွာဟောင်းနှင့် ရေခမ်းချောင်းတို့မှ ဒေသခံရာနှင့်ချီ တောအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းကို မတ်လ ၁၆ ရက်ကစပြီး စစ်ကြောင်း သုံးကြောင်းထိုးဝင်လာသောကြောင့် တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။