သထုံတွင် လက်နက်ကြီးကျည်စထိမှန်ပြီး ၅နှစ်အရွယ်ကလေးငယ်သေဆုံး

0
2406

မွန်ပြည်နယ်၊ သထုံမြို့နယ် အဝင်းကြီးကျေးရွာတွင် လက်နက်ကြီးကျည်ထိမှန်ကာ အသက် ၅ နှစ်အရွယ်ကလေးငယ် တစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

မတ်လ ၁၈ ရက် ညနေ ၃နာရီခွဲခန့်က သထုံအခြေစိုက်အမြှောက်တပ် ၃၁၄ တပ်ရင်းက ရွှေရောင်ပြကျေးရွာစုဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ အဝင်းကြီးကျေးရွာဘေးတွင် ကျည်တစ်လုံး ကျရောက်ပေါက်ကွဲကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ပေါက်ကွဲစဉ် အဝင်းကြီးကျေးရွာဘေး အင်းထဲတွင် မိဘတို့နှင့်အတူ ငါးရှာနေသည့် အသက် ၅ နှစ်အရွယ် ယောက်ျားလေး၏ ဦးခေါင်းတွင် လက်နက်ကြီးကျည်စထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ယင်းရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

မတ်လ ၁၇ ရက် ညကလည်း စစ်ကောင်စီခြေလျင်တပ် ခလရ ၂၄ တပ်ရင်းနှင့် အမြှောက်တပ် ၄၀၂ တပ်ရင်းတို့က ကော့လှိုင်းကျေးရွာအုပ်စု ကျုံမှိန်ကျေးရွာထဲ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်က ထုတ်ပြန်ထားသည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် ကျုံမှိန်ကျေးရွာဘုန်းကြီးကျောင်းတွင် လက်သမားလုပ်နေသည့် အသက် ၂၁ နှစ်အရွယ် စောဝင်းနိုင်ထွေးဆိုသူ ထိခိုက်ဒဏ်ရာရကြောင်း ဖော်ပြသည်။

မတ်လ ၈ ရက် နံနက် ၇နာရီခွဲခန့်ကလည်း သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီခြေလျင်တပ် ခလရ ၂၄ တပ်ရင်းက ကျုံမိန်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ကလေး နှစ်ဦးသေဆုံးပြီး နှစ်ဦး ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်လာပြီး အရပ်သားထိခိုက်သေဆုံးမှု ၁၀ ဦးထက် မနည်းရှိသည်ဟု ဒေသခံတို့ထံမှ သိရသည်။