ကလိန်အောင်မြို့တွင် လက်နက်ကြီး ပစ်ခတ်သံများကြားရ

0
2742
ပုံစာ - ကလိန်အောင်တံတား

ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးဝန်းကျင်တွင် မတ်လ ၁၆ ရက်ညက သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း မြို့ခံများက ပြောသည်။

ကလိန်အောင်တံတားအနီး၊ ဇင်းဘာရွာလမ်းဝန်းကျင်တွင် ပစ်ခတ်သံများကြားရခြင်းဖြစ်သည်ဟု ဆိုသည်။

“ညက လက်နက်ကြီးသံတွေပါ ပါတယ်။ ခါတိုင်းလှန့်ပစ်နေသလို မဟုတ်ဘူး။ သေနတ်သံတွေလည်းကြားရတယ်။ ပစ်နေတာတော့ တော်တော်ကြာတယ်။ ည ၉ နာရီခွဲလောက်က ပစ်သံစကြားရတယ်။ ၄၅မိနစ်၊ တစ်နာရီလောက် ကြာတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဟုတ်မဟုတ် သီးခြားအတည် မပြုနိုင်သေးသလို ထိခိုက်မှုအခြေအနေလည်း မသိရသေးပေ။

ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တွင်မူ စစ်ကောင်စီတပ်သားများက ညဘက်တွင် တံတားအောက်ဘက် ကလိန်အောင်ချောင်းအတွင်းသို့ သေနတ်ခြောက်လှန့်ပစ်ခတ်လေ့ရှိကြောင်း မြို့ခံများက ပြောဆိုသည်။

မတ်လ ၁၇ ရက် နံနက်ပိုင်းတွင်မူ ကလိန်အောင်မြို့အတွင်း ပုံမှန်လှုပ်ရှားသွားလာနေကြကြောင်း မြိုခံများထံမှ သိရသည်။

မတ်လ ၁၀ ရက်မှစတင်ကာ ကလိန်အောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးရှာဖွေမှုများပြုလုပ်ခဲ့ပြီး ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ခြောက်ဦး ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခံရသည်။

ယင်းအနက် မမီးသူ၊ ကိုကျော်သူထွေး ၊ မမီးအေး ၊ မဇင်မိုးတို့ လေးဦး ပြန်လွတ်လာကြပြီး ကျန်အမျိုးသမီး နှစ်ဦးမှာ ခမရ ၄၁၀ တွင် စစ်ဆေးခံနေရဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့နှစ် အောက်တိုဘာလတွင် ကလိန်အောင်တံတား စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို Spring Dhamma PDF အဖွဲ့က လာရောက်ပစ်ခဲ့ပြီးနောက် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြသေးသည်။