လောင်းလုံးမြို့နယ်တကြော စစ်ကြောင်းထိုးနေပြီး ဒေသခံများ ဖမ်ဆီး၊ ပစ်ခတ်ခံရ

0
2398

လောင်းလုံးမြို့နယ်တကြောကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံနှစ်ဦး ပစ်ခတ်ခံရကာ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။

မတ်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု၊ စမ်းလှမ်း၊ တီဇစ် ကျေးရွာအနီးတွင် စစ်ကြောင်းတစ်ကြောင်း၊ မင်းရပ်၊ သာယာကုန်း၊ အင်းဝန်း၊ ကမြောကျေးရွာတို့ဖက်တွင် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့စစ်ကြောင်းထိုးရှာဖွေမှုများကြောင့် ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။

ဒေသခံအချို့လည်း ဖမ်းဆီးခံထားရပြီး ပစ်ခတ်ခံရသူလည်းရှိလာနေကြောင်း ဒေသခံတို့က ပြောဆိုသည်။

မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မင်းရပ်ကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ လာသည့် ခြေလျင်စစ်ကြောင်း တစ်ကြောင်းသည် လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး သွားနေသည်ကိုတွေ့ရကြောင်း ခရီးသည်အချို့က ပြောသည်။

သာယာကုန်းကျေးရွာက စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးအား စစ်ဆေးရန်ခေါ်ယူသည်ကို မလာဟုဆိုကာ ပစ်ခတ်ခဲ့သဖြင့် ဒဏ်ရာရကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းအမျိုးသား၏ နောက်ဆက်တွဲအခြေအနေကို မသိရသေးပေ။

ယင်းစစ်ကြောင်းတွင် ပျူစောထီးအဖွဲ့ဝင်များလည်းလိုက်ပါလာပြီး အင်းအား ၃၀ ကျော်ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် အင်းဝန်း၊ ကမြောကျေးရွာတို့တွင်လည်း နေအိမ်အချို့ကို ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ထိုနေ့ညနေပိုင်းတွင် အခြားစစ်ကြောင်းတစ်ကြောင်းမှာ ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသို့ ရောက်ရှိလာကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပင်လယ်ကမ်းခြေကျေးရွာတစ်ရွာဖြစ်သည့် တီဇစ်ကျေးရွာဘက်မှ တောလမ်းအတိုင်း စစ်ကြောင်းထိုးလာရာ မတ်လ ၁၆ ရက် ညနေပိုင်းတွင် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့ စစ်ကြောင်းထိုးရာတွင် တီဇစ်ရွာတွင် ရေလုပ်သားသုံးဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။

ယင်းနောက် ရွာအနီးက တောတောင်ထဲတွင် စစ်ကြောင်းထိုးရှာဖွေမှုများပြုလုပ်နေချိန် သေနတ်ပစ်ဖောက်သံ သုံးချက်ကြားရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

‌သေနတ်ပစ်ဖောက်သံများကြောင့် ဒေသခံအချို့မှာ တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာနေရာသို့ ကြိုတင်ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။

ရော်ဘာခြံထဲ အလုပ်လုပ်‌နေသည့် ကဒက်ငယ်ထိန်ကျေးရွာသား အသက် ၂၆ နှစ်ဝန်းကျင်အရွယ် အမျိုးသား တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

သို့သော်ထိုအမျိုးသားမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ၎င်းနှင့်အတူ ရော်ဘာခြံထဲအလုပ်လုပ်နေသည့် ဖခင်ဖြစ်သူကိုမူ ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းအပြင် တိုက်ပွဲများ‌ကြောင့် ကျောက်နီမော်၊ အောက်ကျောက်ဝပ်ကျေးရွာဘက်မှ ကဒက်ငယ်ထိန်ကျေးရွာတွင် လာရောက်တိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များလည်း ဖမ်းဆီးခံထားရကြောင်း ၎င်းတို့က ပြောသည်။

“ဖမ်းခံရတယ်တဲ့သူ (စစ်ဘေးရှောင်) တွေကတော့ တော်တော်များတယ်လို့ပြောတယ်။ (အရေအတွက်) သေချာတော့ ဘယ်သူမှမသိဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။
စစ်ဘေးရှောင် ၂၀ ဝန်းကျင် ဖမ်းဆီးခံထားရသည်ဟု ကြားသိရကြောင်း ဒေသခံအချို့ ပြောဆိုကြသည်။

လတ်တလောတွင်မူ ကဒက်ငယ်ထိန်ဒေသခံအမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ‌စုစုပေါင်းသုံးဦး ဖမ်းဆီးခံထားရ သည်ကိုမူ အတည်ပြုနိုင်ခဲ့သော်လည်း စစ်ဘေးရှောင်ဦးရေမည်မျှအဖမ်းခံထားရသည်ကိုမူ အတည်မပြုနိုင်သေးပေ။

ဖမ်းဆီးထားသူများကို စစ်ကောင်စီတပ် တပ်စွဲထားသည့် ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းတော်ကြီးကျောင်း) တွင် ထိန်းသိမ်းထားသည်ဟု ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။

တီဇစ်ရွာမှ ဖမ်းဆီးလာသည့် ‌ရေလုပ်သား ၃ ဦးကိုမူ ယနေ့ မတ်လ ၁၇ ရက်မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတို့က ဆိုသည်။

ယနေ့ မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် အဆိုပါစစ်ကြောင်းမှာ တပ်ဖွဲ့ဝင်အချို့ ကဒက်ငယ်ထိန်ရွာအနောက်က တောတောင်းများအတွင်း ထပ်မံစစ်ကြောင်းထိုးနေပြီး အချို့မှာ ဘုန်းကြီးကျောင်းတွင်ရှိနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

မတ်လ ၂၇ရက်တွင် ပြုလုပ်မည်ဟု သတင်းထွက်ပေါ်နေသော လောင်းလုံးမြို့နယ်နှင့် ထားဝယ်မြို့ကို ဆက်သွယ် ထားသည့် ကမြောကင်းတံတားအသစ်ဖွင့်ပွဲသို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လာရောက်မည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယင်းအတွက်ကြောင့် လောင်းလုံးမြို့နယ်ကို စစ်အင်အားသုံးပြီး ကြိုတင်နယ်မြေရှင်းလင်းထားခြင်းဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။