ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များတင်သွင်းရန်ခက်၍ ပစ္စည်းပြတ် 

0
2504

လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ထိုင်းနိုင်ငံမှ သီးပင်စားပင် ပျိုးပင်၊ ပန်းပင်များ တင်သွင်းရန် ခက်ခဲနေပြီး စျေးကွက်အတွင်း စ္စည်းပြတ်လပ်နေပြီဖြစ်ကြောင်း ထိုင်းနိုင်ငံက ပျိုးပင်၊ သီးပင်၊ စားပင်၊ ပန်းပင်ရောင်းသူအချို့က ပြောသည်။

ရော်ဘာ၊ ဒူးရင်းပျိုးပင်၊ အုန်းပင်၊ သရက်၊ ကြက်မောက်၊ မင်းဂွတ်၊ ထိုင်းဘန်ဒါပင်၊ အလှပန်း၊ သစ်ခွပန်း စသည့်ပျိုးပင်၊ ပန်းပင်များကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချနေကြခြင်းဖြစ်ပြီး စစ်အာဏာသိမ်းကာလတွင် နှစ်ဖက်တိုက်ပွဲများနှင့် လက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု၊ လမ်းကြောင်းပိတ်ဆို့မှု၊ စစ်ဆေးမှုများကြောင့် တင်သွင်းရန် အခက်တွေ့လာကြောင်း ပျိုးပင်၊ ပန်းပင်ရောင်းသူ အချို့က ပြောသည်။

နိုင်ငံရေးအခြေအနေနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေကြောင့် ကော့သောင်းနယ်စပ်မှတစ်ဆင့် ထိုင်းနိုင်ငံမှ တင်သွင်းနေသည့် ဒူးရင်းပျိုးပင်များ တင်သွင်းမှုကို ရပ်နားထားရသည်မှာ ၇ လခန့်ရှိပြီဟု ထားဝယ်မြို့၊ သပြေချောင်းရွာမှ ထိုင်းဒူးရင်းပျိုးပင်ရောင်းသူ ကိုသားကြီးလေးက ပြောသည်။

“လမ်းကြောင်းအခြေအနေအရ တိုက်ပွဲတွေဖြစ်ရင် တစ်ခါတလေ တစ်ညထပ် အိပ်ရတာရှိတယ်ပေါ့နော် ၊ တစ်ခါတလေလည်း လမ်းကြောင်းကို နှစ်ရက်သုံးရက် ပိတ်ထားတာလည်းရှိတယ်။ ပြီးတော့ ညဘယ်နှစ်နာရီကနေ ဘယ်နှစ်နာရီထိ သွားမရတဲ့နေရာတွေရှိတယ်။ ကျွန်တော်တို့ပျိုးပင်က နယ်စပ်ကနေ တင်လာပြီးရင် ဒီကို နှစ်ရက်နဲ့အရောက်မောင်းမှ အဆင်ပြေတယ်၊ နှစ်ရက်ကနေ ကျော်ရင် ကျွန်တော်တို့အတွက် အဆင်မပြေတော့ဘူး” ဟု ၎င်းကဆိုသည်။

ယခင်က ရသလောက်ဝယ်ယူစုဆောင်းထားသည့် ပျိုးပင်များကို ပြန်လည်ရောင်းချနေပြီး နောက်ပိုင်းတွင် ထိုင်းနိုင်ငံက နည်းပညာဖြင့် ဒူးရင်းပျိုးပင်များကို မိမိဘာသာ ကိုင်းကူးပြီး ရောင်းချရန်စီစဉ်ထားသည်ဟု ၎င်းက ပြောသည်။

“အခုဆို ကျွန်တော် မသွင်းတာ ၇ လ ၈ လလောက်ရှိပြီ ဘာလို့ဆို နိုင်ငံရေးအခြေအနေနဲ့လေ၊ နိုင်ငံရေးအခြေအနေနဲ့ဆို သယ်လို့အဆင်မပြေဘူး။ လမ်းမှာတိုက်ပွဲတွေဖြစ်တယ်ဆိုရင် လမ်းမှာ တစ်ညအိပ် နှစ်ညအိပ်ရမယ်ဆို ကျွန်တော်တို့ ပျိုးပင်တွေ ဆုံးရှုံးမှုများမှာစိုးလို့” ဟု ၎င်းက ဆိုသည်။

လောင်းလုံးမြို့နယ်မှ ပန်းပင်ပျိုးပင်အရောင်းဆိုင်ရှင် အမျိုးသားတစ်ဦးကလည်း တိုက်ပွဲများနှင့် လမ်းကြောင်းပိတ်ဆို့မှုများကြောင့် ထိုင်းနိုင်ငံမှ ပျိုးပင် ပန်းပင်များကို ထီးခီးလမ်းမှသယ်ယူ၍ မရတော့သဖြင့် ဆိုင်တွင် ပစ္စည်းပြတ်လပ်နေသည်ဟု ပြောသည်။

“ထီးခီးလမ်းကနေ သယ်မရလို့ အပင်တွေပြတ်နေတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံမှ ရော်ဘာ၊ ဒူးရင်းနှင့် အခြားပျိုးပင်၊ ပန်းပင်များမှာ တနင်္သာရီတိုင်းဈေးကွက်တွင် လူကြိုက်များပြီး ဈေးကွက်ဝင်သည်။

ထိုင်းနိုင်ငံမှ ပျိုးပင်များနှင့် သီးပင်စားပင်များတင်သွင်းခွင့်ကို ဥပဒေအရ တားဆီးပိတ်ပင်ထားသော်လည်း လမ်းကြေး၊ ဂိတ်ကြေးပေးကာ မှောင်ခိုသယ်ယူ တင်သွင်းနေကြခြင်းဖြစ်သည်။