ရေဖြူ မိကျောင်းလှောင်းရွာသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
2298

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့အနီးက မိကျောင်းလှောင်း (ရွာသစ်) မှ ရွာသားနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

မိကျောင်းလှောင်းရွာသား အသက် ၃၀ ကျော်အရွယ်ဖြစ်ကြသည့် ကိုမောင်မောင်နှင့် ကိုထက်ထက်အောင်တို့နှစ်ဦး မိကျောင်လှောင်း-နတ်အိမ်တောင်သွား ကားလမ်းမတစ်နေရာတွင် မတ်လ ၁၁ ရက်က သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။

ဥယျာဉ်ခြံမှ မိကျောင်းလှောင်းရွာသို့ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် လမ်းပိုင်းတစ်နေရာတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကိုထက်ထက်အောင်၏ တင်ပါးတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့ ပြောဆိုသည်။

“လူနာက (ကလိန်အောင်မြို့) ဆေးရုံရောက်နေတယ်။ ဘယ်အဖွဲ့က ပစ်မှန်းတော့မသိဘူး။ အခုရက်ပိုင်း ကလိန်အောင်မှာ နယ်မြေအခြေအနေကလည်း ရှုပ်ထွေးနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ မသိရသေးပေ။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ ပြောက်ကျားဝတ်စုံဝတ်ဆင်ထားသည့် PDF အဖွဲ့ဝင် ၅ ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားနေကြသည်။

ပစ်ခတ်ခံရသည့်ဖြစ်စဉ်တွင် ပါဝင်သော ကိုမောင်မောင်ဆိုသူမှာ စစ်‌ကောင်စီသတင်းပေးသူဟု ဒေသတွင်း နာမည်ထွက်နေသူဖြစ်ပြီး သေနတ်ကိုင်ဆောင်သွားလာလေ့ရှိကြောင်း ဒေသခံအချို့ကပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ်လ ၉ ရက်က ဇင်းဘာရွာနှင့် ကျောက်ရှပ်ကျေးရွာအုပ်စု နွယ်လီရွာမှ အသက် ၂၀ ကျော်အရွယ် ဒေသခံအမျိုးသမီးနှစ်ဦး ကလိန်အောင်မြို့ပေါ်တွင် ဖမ်းဆီးခံခဲ့ရသေးသည်။

ယင်းနောက် ကလိန်အောင်မြို့အပါအဝင် အနီးအနားကျေးရွာများဖြစ်သည့် မိကျောင်းလှောင်း၊ ဇင်းဘာ၊ ကျောက်ရှပ် ကျေးရွာတို့ကို မတ်လ ၉ ရက်မှစပြီး စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင် နေသည်။

ယင်းသို့စစ်ဆေးဖမ်းဆီးမှုများကြောင့် အနည်းဆုံး ဒေသခံခြောက်ဦး ဖမ်းဆီးခံထားရသည်။