သဘော့ဆိပ်ဘက် စစ်ကြောင်းဝင်မည်ဆိုသည့်သတင်းကြောင့် ဒေသခံများ ထွက်ပြေး

0
2737

လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အရှေ့ဘက်တောင်ကြောမှ စစ်ကောင်စီတပ်များ ဝင်လာနေသည်ဟု ယနေ့ (မတ် ၁၁) မွန်းလွဲပိုင်းတွင် သတင်းထွက်ပေါ်နေသည့်အတွက် ရွာခံများဘေးလွတ်ရာသို့ ထွက်ခွာနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ယနေ့မွန်းလွဲပိုင်းတွင် လောင်းလုံးမြို့နယ် တောရှည်ရွာ တောင်မိုးတောင် အနောက်ဘက်ခြမ်းမှ သဘော့ဆိပ်ပြင်ကြီးရွာဘက်သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအပြည့် ရောက်ရှိနေသည်ဟု သတင်းကြားရကြောင်း ဒေသခံများကဆိုသည်။

ယင်းကြောင့် သဘော့ဆိပ်၊ပြင်ကြီးဒေသခံများ ဘေးလွတ်ရွာသို့ ထွက်ခွာနေသည်ဟု သဘော့ဆိပ်ရွာခံတစ်ဦးက ပြောသည်။

“အဲဒီသတင်း ကြားရတယ် အခုရွာထဲကတော်တော်များ ထွက်ခွာနေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့်မတ်လ ၆ ရက်နေ့က ကရင်ကြီးရွာ၊ ပျူစောထီး စခန်းတိုက်ခိုက်ခံရသည့်အတွက်ကြောင့် စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို အသုံးပြုပြီး လက်နက်ကြီးဖြင့် ပစ်ခတ်စစ်ကူပေးခဲ့သည်။

အဆိုပါလက်နက်ကြီး ကျရောက်သည့် သဘော့ဆိပ်၊ပြင်ကြီး၊ ကရင်ကြီး၊ကမ်းပနီ၊ကျောက်ဆင် ‌စသည့် ကျေးရွာငါးရွာမှဒေသခံများ ဘေးလွတ်ရာထွက်ပြေးခဲ့ရသည်။

မတ်လ ၈ ရက်နေ့ ညနေပိုင်းတွင် ကရင်ကြီးရွာ ပျူ‌စောထီးတပ်ဖွဲ့သည် စစ်ကူလာသည် စစ်ကောင်စီတပ်နှင့်အတူ ပြန်လည် လိုက်ပါထွက်ခွာသွားခဲ့ပြီးနောက် မတ်လ ၉ ရက်နှင့် ၁၀ ရက်များတွင် ဒေသခံအချို့  ရွာသို့ပြန်လာခဲ့သည်။

ယနေ့ မတ်လ ၁၁ ရက် စစ်ကောင်စီတပ်ပြန်ဝင်လာ နိုင်သည်ဟု သတင်းကြောင့် ရွာခံများ ပြန်လည်ထွက်ခွာနေကြသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“ကျွန်မ တစ်နေ့ကပဲ ရွာထဲပြန်လာတယ်။ အခု အဲဒီသတင်းကြောင့် ရွာကနေ ပြန်ထွက်လာပြီ”ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကြောင်းထိုးမည် မထိုးမည်ကို Dawei Watch အနေဖြင့် သီးခြားအတည်ပြု မရနိုင်သေးပဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၀ ရက်ကနေ့လည်း ကရင်ကြီးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီစစ်ကြောင်းသည် ၎င်းလာရာလမ်းကြောင်းအတိုင်း ပြန်လည်ဆုတ်ခွာသွားစဉ် လောင်းလုံးမြို့နယ် ပညစ်ရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး နေအိမ်ငါးလုံးမီးရှို့ကာ ဒေသခံများ၏ စားနပ်ရိက္ခများကိုဖျက်ဆီး၍ ဒေသခံခုနှစ်ဦးကို ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်သည် မတ်လ ၆ ရက်မှ ၁ဝ ရက်အထိ လောင်းလုံးမြို့အနောက်ဖက် ကျောက်ဆင်၊‌သဘော့ဆိပ်၊ ပြင်ကြီး၊ကရင်ကြီး ၊ကမ်းပနီ ပညစ် စသည့် ကျေးရွာခြောက်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

စစ်ကြောင်းဝင်ရောက်ခဲ့သည့် လေးရက်အတွင်း ဒေသခံပြည်သူ ထောင်ချီစစ်ဘေးရှောင်နေရပြီး နေအိမ် ဆယ်လုံးခန့်မီးရှို့ခန့်ခံရကာ ဒေသခံပြည်သူ ခုနှစ်ဦးအထိ ဖမ်းဆီးခံထားရသည်။

ထိုကြောင့် စစ်ကြောင်းထိုးဝင်ရောက်လာမည်ကို စိုးရိမ်သည့်အတွက် ဒေသခံများ ကြိုတင် တိမ်းရှောင်နေကြခြင်းဖြစ်သည်။