တနင်္သာရီ၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရ

0
2258

မြိတ်ခရိုင်၊တနင်္သာရီမြိုနယ်၊ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရပြီး သေဆုံးဒဏ်ရာရမှုရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိတ်ခရိုင်တပ်ရင်း ၂ ကယနေ့ထုတ်ပြန်သည်။

မတ်လ ၁၀ ရက်နေ့နံနက်က တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာအနီးတွင် မိုင်းဆွဲခံရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီတပ် သေဆုံးမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပါ။

ယင်းနောက် စစ်ကောင်စီဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြသော်လည်း မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းဆွဲတိုက်ခိုက်သည့် စစ်ဆင်ရေးကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ ၊ မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)၊ တနင်္သာရီမြို့နယ်(ပကဖ)တပ်ပေါင်းစုနှင့် ကျွန်းစုမြို့နယ်(ပကဖ)ပူးပေါင်းအဖွဲ့တို့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီအမြှောက်တပ်မှ အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခဲ့ပြီး လက်နက်ကြီးကျရောက်မှုကြောင့် လယ်သစ်အရှေ့ကမ်းရွာမှ အသက် ၈ နှစ်အရွယ်ကလေးတစ်ဦးသေဆုံးပြီး အရပ်သား ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေများအရ ဒေသတွင်း ခရီးသွားလာကြသူများ သတိထားသွားလာကြရန်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။