တနင်္သာရီတိုင်းတွင် ယခုတစ်ပတ်အတွင်း မိုးရွာနိုင်

0
2414

တနင်္သာရီတိုင်းတွင် မတ်လ ၁၁ ရက်မှ ၂၀ ရက်အတွင်း မိုးရွာနိုင်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် ၃ ရက်မှ ၅ ရက်ခန့် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

မတ်လ ၁၁ ရက် နှင့် ၁၂ ရက်နေ့များတွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းတွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက မတ်လ ၆ ရက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတောင်ပိုင်းစွန်းနှင့် မြောက်ပိုင်းစွန်းတို့တွင် နေရာကွက်ကျားမိုးရွာနိုင်ပြီး ဒေသအချို့တွင် အချိန်အခါမဟုတ် ပျံကျမိုးများ ထစ်ချုန်းရွာနိုင်သည်ဟု အထက်ပါထုတ်ပြန်ချက်က ဆိုသည်။

နွေဦးရာသီ ကူးပြောင်းသော ဆောင်းနှောင်းကာလတွင် မြူထူဆိုင်းမှုမှာ အနည်းငယ်နေမြင့်ချိန်အထိကြာမြင့်လာနိုင်ပြီး တစ်ပြည်လုံးတွင် နေ့အပူချိန်များ တဖြေးဖြေးမြင့်တက်လာနိုင်သည်ကြောင်းလည်း ဖော်ပြသည်။

အချိန်အခါမဟုတ် ရွာသွန်းသည့် မိုးကြောင့် ထားဝယ်ခရိုင်က ဆားထုတ်လုပ်သည့် လုပ်ငန်းများ မကြာခဏ ထိခိုက်ဆုံးရှုံးမှုများရှိသည်။

မတ်လ ၁၀ ရက်နေ့ကတည်းက မိုးမရွာသေးသော်လည်း နေမမြင်ရဘဲ မိုးရိပ်အုံ့နေကြောင်း ပြင်းဖြူကြီးကျေးရွာမှ ဆားချက်တောင်သူ ဒေါ်မြင့်စန်းက ပြောသည်။

“မိုးရိပ်တက်နေတော့ ရေငန်က ဒီဂရီမတက်ဘဲဖြစ်နေတာပေါ့။ ပုံမှန် ၃ ရက်ထားရဖို့နေရာမှာ ဒီဂရီမတက်ရင် ၆ ရက်လောက် (ထားရဖို့) ဖြစ်သွားတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်ခရိုင်တွင် နေလှန်ဆားထုတ်လုပ်သလို ထင်းမီးဖြင့်ချက်သည့် မီးချက်ဆားလည်း ထုတ်လုပ်သည်။