ဖမ်းခေါ်ခံရသည့် ဇဟာရွာသား ပစ်သတ်ခံရသည့်ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံရ

0
2613

ထားဝယ်မြို့နယ် ဇဟာရွာသားတစ်ဦး ဖမ်းဆီးခေါ်ဆောင်ခံရပြီး တစ်ရက်အကြာတွင် ပစ်သတ်ခံထားရသည့် ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံထားရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ်ရှိ ဇဟာရွာသား ဦးကျော်သိန်းဆိုသူဖြစ်သည်။

မတ်လ ၅ ရက် ညနေ ၃နာရီခန့်က ၎င်း၏ဥယျာဉ်ခြံထဲ၌ မိသားစုနှင့်အတူ အလုပ်လုပ်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ထို့နောက်တစ်ရက်အကြာ မတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်တွင် ရုပ်အလောင်းကို ဇာဟာရွာ ဖားအောက်တောရ အနီး အသစ်ဖောက်လုပ်ထားသည့် လမ်းမဘေးတွင် တွေ့ရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်ဒဏ်ရာက လည်ပင်းမှာနှစ်ချက်၊ ဦးခေါင်းမှာတစ်ချက် တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဦးကျော်သိန်းအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်ပစ်သတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

သေဆုံးသူအမျိုးသား၏ ရုပ်အလောင်းကို မတ်လ ၆ရက်က အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံသို့ သယ်ဆောင် သွားပြီး ယနေ့ နေအိမ်သို့ ပြန်လည်သယ်ဆောင်လာမည်ဟုကြားသိရကြောင်း ဒေသခံများထံမှ သိရသည်။